ကိုဗစ်ကြောင့် ယာယီပိတ်ထားခဲ့ရသည့် စစ်တွေရှိ အခမဲ့ ဆေးခန်း ပြန်လည်ဖွင့်လှစ်

By Narinjara/ 2021 September 3

သဥ္ဇာနွယ်၊ သန္တာကျော်ဇော

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်ကြောင့်ယာယီပိတ်ထားခဲ့ရသည့် Food not Boombs-Rakhine Clinic အခမဲ့ဆေးခန်းကို ယနေ့ ပြန်လည်ဖွင့်လှစ်နေပြီဟု သတင်းရရှိသည်။

အဆိုပါဆေးခန်းကို ယနေ့ စက်တင်ဘာလ ၃ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ယင်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာ ကျော်ဇော်သန့်က နိရဥ္စရာသို့ ပြောသည်။

“ကျနော်တို့ ဒီကနေ့ စဖွင့်ပါပြီ။ ကိုဗစ်ဖြစ်ပွားမှုနှုန်းလည်း လျော့ကျလာပြီဖြစ်လို့ အခုလို ပြန်ဖွင့်တာပါ။”ဟု ပြောသည်။

အဆိုပါအခမဲ့ဆေးခန်းသည် စစ်တွေမြို့ ကုန်တန်းရပ်ကွက် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်၌ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ကိုဗစ်ဖြစ်ပွားမှုနှုန်းမြင့်မားလာခဲ့သည့်အတွက် ဆေးခန်းအား ယာယီပိတ်ထားခဲ့ရခြင်းဖြစ်သည်။

အဆိုပါဆေးခန်းကို ယခုနှစ်၊ မေလတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လူမျိုးမရွေး၊ ဘာသာမရွေး ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန်အခက်အခဲဖြစ်နေကြသူများကို ကုသိုလ်ဒါနဖြစ်စေရန် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု သိရသည်။

နာတာရှည်ရောဂါ သမားများကို အဓိကဦးစားပေးကုသပေးနေပြီး တစ်နေ့လျှင် လူဦးရေ ၃ဝ ကိုသာကုသပေးကြောင်း သိရသည်။

ဆေးခန်းတွင် အောက်စီဂျင်တိုင်းကိရိယာနှင့် ဆီးချို၊ သွေးချိုတိုင်း ကိရိယာတို့နှင့် ဆီးချို၊ သွေးချို ဆေးဝါးများလည်း အဓိကလိုအပ်နေသေးသည်ဟု သိရသည်။

အဆိုပါဆေးခန်းတွင် volunteer တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ကိုအောင်မင်းဟိန်းကလည်း “ဆေးဝါးလိုအပ်တဲ့အပိုင်းတော့ရှိပါတယ်။ လစဉ် ဆေးလာလှူတဲ့သူတွေတော့ရှိပါတယ်။ သူနာပြုတွေလည်း လာကုတာမျိုးလည်းရှိတယ်”ဟု သူကပြောသည်။

၎င်းဆေးခန်းကို တစ်ပတ်လျှင် တနင်္လာနေ့နှင့် သောကြာ ၂ ရက်ဖွင့်ပြီး နေ့လယ် ၁ နာရီမှ ညအထိ လူနာရှိသလောက် ကုပေးနေသည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/4648078475204193

Leave a Reply

Your email address will not be published.