By Narinjara/ 2021 September 1
သဥ္ဇာနွယ်
ကိုဗစ်ကြောင့် ရက်ပေါင်း ၅၀ နီးပါးခန့် ပိတ်ထားခဲ့ရသော သံတွဲ မြို့မဒွါရာဝတီစျေးကြီးအား ယနေ့ စက်တင်ဘာ ၁ရက်တွင် ပြန်လည်ဖွင့်ပြီဟု သတင်းရရှိသည်။
သံတွဲဒေသခံတစ်ဦးဖြစ်သူ ကိုဇွဲထက်မာန်က “စျေးကို ဒီနေ့စဖွင့်ပြီ။ မနက် ၆နာရီ ကနေ နေ့လယ်ပိုင်း ၁နာရီ အထိပါ။ ကိုဗစ်စည်းကမ်းနဲ့ အညီ နှာခေါင်းစည်းတပ်ပြီး သွားလာရမှာ ဖြစ်ပါတယ်”ဟု နိရဥ္စရာ ကိုအတည်ပြုပြောသည်။
သံတွဲမြို့မစျေးကြီးတွင် စျေးဆိုင်ခန်းပေါင်း ၁ဝ၈ဝ ရှိပြီး သံတွဲမြို့နယ်တွင် ကိုဗစ်ပိုး တွေ့သူများလာသဖြင့် ဇူလိုင် ၁၃ ရက် နံနက်ကစတင်ပြီး ယာယီ ပိတ်ထားခဲ့ကြောင်းသိရသည်။
ငပလီဒေသခံတစ်ဦးဖြစ်သူကိုနီထွန်းအောင်ကလည်း” စျေးတွေကို အရင်ကတည်းက ကိုဗစ်စည်းကမ်းနဲ့အညီဖွင့်ထားတယ်။ ခုပြန်ဖွင့်ရင်လည်း အဲ့လိုပဲစည်းကမ်းနဲ့အညီဖွင့်မှာပါ။ “ဟုသူကပြောသည်။
သံတွဲမြို့မစျေး ယာယီပိတ်ထားချိန်တွင် စျေးဝယ်သူများအတွက် အခက်ခဲမရှိစေရန် အံတော် ယာယီစျေးကို ဖွင့်ထားပေးကြောင်း သိရသည်။
သံတွဲ မြို့နယ်တွင် သြ ဂုတ် ၃၁ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ ၃၀၈ဦး၊ သေဆုံးသူ ၃၃ဦးနှင့်ကုသဆဲလူ နာ ၃၃ ဦးတို့ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့ စုစုပေါင်း ၄၁၆၀ဦး၊ကုသဆဲလူနာ ၃၃၂ဦးနှင့် သေဆုံးသူ ၃၃၂ဦး ရှိအထိ ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက် စာရင်း အရ သိရသည်။
https://www.facebook.com/narinjara.info/posts/4641611379184236