ကိုဗစ်ကာကွယ်ဆေးထိုးရာတွင် ဦးစားပေးအဆင့် ၁၆ ခုအထဲပါဝင်သည့် ၁၈ နှစ်အထက်ရှိသူများကိုလည်း ထိုးပေးနေ

By Narinjara/ 2021 September 27

သျှင်မင်းဇံ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ဦးစားပေးအဆင့် ၁၆ ခုအထဲတွင်ပါဝင်သည့် ၁၈ နှစ်အထက်ရှိသူများကိုလည်း ကာကွယ်ဆေးထိုးပေးနေကြောင်း သတင်းရရှိသည်။

၎င်းတို့ကို ယခုလလယ်ခန့်မှစတင်ထိုးပေးနေခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဒုတိယအသုတ်တွင် ခွဲတမ်းရရှိထားသည့် တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးအလုံးရေ ၂ သိန်း ၃ သောင်းထဲမှ ထိုးပေးနေခြင်းဖြစ်သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ‌ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“၁၈ နှစ်အထက်တွေကို တပြိုင်နက်တည်းထိုးဖို့ ဆရာတို့မှာ ဆေးမလောက်ဘူးလေ။ ကိုယ့်နိုင်ငံကလည်း မထုတ်နိုင်ဘူး။ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက အကန့်အသတ်တွေနဲ့ ဝယ်ရတယ်။ အခု ၁၈ နှစ်အထက် ထိုးတယ်ဆိုတာကလည်း ဦးစားပေး ၁၆ မျိုးထဲက အသက် ၁၈ နှစ်ပြည့်သူတွေကို ထိုးပေးတာပါ”ဟု နိရဥ္စရာသို့ ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ဦးစားပေးအဆင့် ၁၆ ခုထဲတွင် အစိုးရကျန်းမာရေးဝန်ထမ်း၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းနှင့် ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာ၊ သာသနာ့ဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံများ၊ ဟိုတယ်၊ တည်းခိုးခန်းနှင့်အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းသားနှင့်အချုပ်သားများ၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စူပါမားကတ်များ၊ မသန်စွမ်းသူများ၊ EAO၊ ရွှေ့ပြောင်းလူအုပ်စုများနှင့်ယာယီစခန်းများ၊ နာတာရှည်ရောဂါခံစားနေရသူများ ပါဝင်သည်ဟု သိရသည်။

ငပလီမြို့ ဂျိတ္တောရပ်ကွက်မှ မတင်တင်လွင်က “ကျမတို့ ရပ်ကွက်မှာ ကြော်ငြာသွားတယ်။ အသက် ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေးထိုးလို့ရတယ်ဆိုလို့ သွားထိုးဖြစ်တာပါ။ ကိုဗစ်ကို မဖြစ်အောင် ကာကွယ်ပေးတယ်ပေါ့။ ဖြစ်ခဲ့ရင်တောင်မှ ဆိုးဝါးဝါး မဖြစ်ဘူးပေါ့နော်။ အဲကြောင့် ထိုးဖြစ်တာပါ။”ဟု ပြောသည်။

ရခိုင်တွင် တရုတ်နိုင်ငံထုတ် Sinopharm နှင့် Sinovic အမျိုးအစားကိုဗစ်ကာကွယ်ဆေးများကို အသက် ၆၅ နှစ်အထက်ရှိသူများအား ပထမဦးစားပေးထိုးပေးခဲ့ပြီဖြစ်ပြီး ယခုအခါ ၅၅ နှစ်အထက်ရှိသူများကိုလည်း ထိုးပေးနေပြီဟု သိရသည်။

အိန္ဒိယနိုင်ငံထုတ် COVIDSHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကိုလည်း ယခုနှစ် ဇန်နဝါရီလတွင်စတင်ထိုးနှံပေးခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4726810437330996

Leave a Reply

Your email address will not be published.