WFP မှ အထောက်အပံ့မရ၍ စစ်တွေရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် အခက်အခဲဖြစ်နေ

By Development Media Group (DMG)/ August 13

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မှ ထောက်ပံ့မှုမရရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ဒုက္ခသည်များမှာ အငတ်ဘေးကြုံတွေ့နေရသည်ဟု စခန်းတာဝန်ရှိသူများက DMG ကိုပြောသည်။

သဲချောင်းဒုက္ခသည်စခန်းတွင် WFP မှ ထောက်ပံ့သည့်ငွေကိုသာ မှီခိုစားသောက်နေရကာ ပြီးခဲ့သည့်ဇွန်လမှစ၍ ထောက်ပံ့မှုမရရှိသည့်အတွက် ဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည်ဟု သဲချောင်းဒုက္ခသည်စခန်းဥက္ကဋ္ဌ ဦးမောင်မောင်စိန်က ပြောသည်။

“ကျနော်တို့က ထောက်ပံ့ငွေမရရှိတာ ၃ လကြာနေပြီဖြစ်ပါတယ်။ WFP ပေးတဲ့ထောက်ပံ့ငွေကိုပဲ ကျနော်တို့ကမှီခိုနေရတာပါ။ လက်ရှိထောက်ပံ့ငွေမရတော့ အလွန်အခက်အခဲတွေ ဖြစ်နေကြပါတယ်။ ကိုဗစ်ကာလဆိုတော့ စခန်းမှာကအလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ရှားပါးနေပါတယ်”ဟု ဦးမောင်မောင်စိန်ကပြောသည်။

အဆိုပါစခန်းရှိဒုက္ခသည်များမှာ ငါးဖမ်းလုပ်ငန်းကိုအဓိကလုပ်ကိုင်နေကြခြင်းဖြစ်ပြီး လက်ရှိကိုဗစ်ကာလတွင် ငါးဖမ်းလှေများမထွက်ရသည့်အတွက်လည်း အခက်အခဲဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ယခုလို့ကြန့်ကြာနေတဲ့အတွက် WFP ကတော့ အကြောင်းပြန်တာတို့ရှိပါတယ်။ သူတို့ကတော့အခြေအနေအမျိုးမျိုးကြောင့် လာရောက်ပြီးထောက်ပံ့ပေးမှု မပေးနိုင်လို့ပြောပါတယ်။ ပေးနိုင်ရင်တော့ ချက်ချင်းလာပေးမယ်လို့ပြောပါတယ်” ဦးမောင်မောင်စိန်ကပြောသည်။

သဲချောင်းဒုက္ခသည်စခန်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) တစ်ခုတည်းကသာ ထောက်ပံ့ပေးနေခြင်းဖြစ်သည့်အတွက် လက်ရှိတွင် ၃ လနီးပါးကြာမြင့်နေပြီဖြစ်သောကြောင့် စားဝတ်နေရေးအတွက် ချေးယူစားသောက်နေကြရသည်ဟု ယင်းစခန်းမှ ဒုက္ခသည် ဦးကျော်လှကပြောသည်။

“ကျနော်တို့မှာက ဘာအလုပ်အကိုင်မှမရှိဘူး။ ဘာလုပ်ပြီးစားသောက်ရမလဲဆိုတာ အခက်အခဲတွေ တော်တော်ဖြစ်နေတယ်။ ဒါကြောင့်မရှိတဲ့သူတွေက ရှိတဲ့သူတွေဆီကနေ ချေးစားလိုက်နဲ့ အကြွေးတွေတင်နေကြတယ်။ ထပ်ပြီးတော့ ကြန့်ကြာနေမယ်ဆိုရင် လူတွေငတ်သေကြမှာဖြစ်ပါတယ်” ဦးကျော်လှက ဆက်ပြောသည်။

သဲချောင်းဒုက္ခသည်စခန်းတွင် ဒုက္ခသည်အိမ်ထောင်စု ၂၂၇၀ ကျော်နှင့် လူဦးရေ ၁၂၉၄၆ ဦးရှိကာ လက်ရှိတွင် စခန်းမြေနေရာကိုလည်း ငှားရမ်းအသုံးပြုနေရသည်ဟု ဒုက္ခသည်များထံမှ သိရသည်။

အလားတူ ဒါးပိုင်ဒုက္ခသည်စခန်းမှာလည်း ငွေကြေးကြပ်တဲ့အတွက် စခန်းတွင် ဆန်ပြုတ်သောက်ပြီးနေထိုင်သူများ၊ ရေအုန်သီးစားသောက်ပြီးနေသူများရှိသည်ဟု စခန်းတာဝန်ခံ ဦးသိန်းမောင်က DMG ကိုပြောသည်။

“လက်ရှိ WFP ထောက်ပံ့ပေးတာ ၃ နီးပါးကြာသွားတော့ စခန်းရှိလူတွေက ငတ်မွတ်နေကြပါတယ်။ နောက်ပြီးတော့ ငွေကြေးကြပ်တဲ့သူတွေက သဲချောင်းဈေးက ရေအုန်းသီးတွေဝယ်ယူ ပြီးစားသောက်နေရပါတယ်။ လုံးဝငတ်မွတ်နေတဲ့မိသားစုတွေကိုတွေ့လို့ လူငယ်တွေက ဆန် ၂ ပြည်လှူတယ်။ အဲဒီဆန်ကို ပြုတ်ပြီးတော့ ကလေးတွေတိုက်နေတာတွေလည်းရှိပါတယ်” ဟု ဦးသိန်းမောင်က ပြောသည်။

လက်ရှိတွင် Covid-19 ကာလတွင် ကုန်ဈေးနှုန်းများမြင့်တက်လျှက်ရှိနေသည့်အတွက်လည်း အခက်အခဲပိုဖြစ်ရကြောင်း သိရသည်။

ဒါးပိုင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည်အိမ်ထောင်စု ၁၄၄၈ စုနှင့် လူဦးရေ ၉၄၆၄ ဦးရှိကာ ကျန်းမာရေးမကောင်းသူများလည်းရှိကြောင်း သိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ သက္ကယ်ပြင်၊ ဗာဆာရွာ၊ ဘောဒူဗ၊ အုန်းတောကြီး၊ အုန်းကြီးချေ၊ ဆေးသမား၊ ပလ္လယ်ပြင် စသည့်ဒုက္ခသည်စခန်းများတွင်လည်း အလားတူ အခက်အခဲများရှိနေကြသည်ဟု သိရသည်။

https://www.facebook.com/dmgnewsagency/posts/2084408731711527

Leave a Reply

Your email address will not be published.