Lockdown ချထားသည့် ဘူးသီးတောင် ဂန္ဓာရုံစစ်ရှောင်စခန်းတွင် ရိက္ခာလိုအပ်

By Development Media Group (DMG)/ August 27

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် အသွားအလာကန့်သတ်ထားသည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ ဂန္ဓာရီစစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအပြင် မီးဖိုချောင်သုံးပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု(၁၉၉)စု၊ လူဦးရေ (၁၉၂၆)ဦးရှိပြီး ဝေဟင်အောင်ပရဟိတအဖွဲ့မှ ထောက်ပံ့ပေးထားသည့် ဆန်အိတ် ၃၀ ခန့်သာရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ကြာကပြောသည်။

“ဝေဟင်အောင်ပရဟိတအဖွဲ့က ထောက်ပံ့ပေးထားတဲ့ ဆန်အိတ် ၃၀ လောက်ကိုဝေပေးလိုက်ပြီ။ အပြင်မထွက်ရသေးတဲ့အတွက် ရှိတဲ့ဆန်တွေနဲ့ အဆင်ပြေအောင်စားနေကြတယ်။ WFP အဖွဲ့မှလည်း ထောက်ပံ့ပေးဖို့မရောက်တာ ၃ လလောက်ရှိနေပြီ“ဟု ဆိုသည်။

ယင်းစခန်းတွင် ပြီးခဲ့သည့်သြဂုတ်လ ၁၈ ရက်နေ့က အသက် ၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိပြီးနောက် စခန်းကို အဝင်အထွက်ကန့်သတ်လိုက်သည်။

လက်ရှိမှာစစ်ဘေးရှောင်များ ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်မရသည့်အတွက်လည်း ပိုမိုအခက်အခဲဖြစ်ကြောင်း ကျောက်စာတိုင်ကျေးရွာမှ လာရောက်ခိုလှုံနေသည့် ဒေါ်မစိန်ကပြောသည်။

“ဆန်ရှိလို့ ထင်းတွေမရှိဘူးဆိုရင်လည်း ကျမတို့မှာချက်စားလို့အဆင်မပြေဘူး။ ကျမတို့တောင်းဆိုချင်တာကတော့ မီးဖိုချောင်သုံးပစ္စည်းတွေလည်း ထောက်ပံ့ပေးစေချင်ပါတယ်“ ဟု ဆိုသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ကမ်းပိုင်ချောင်းကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ မြင်းချောင်းရွာသစ်ကျေးရွာ၊ သောကြာတိုင်ကျေးရွာ၊ ကမ်းဂုန်မြိုင်ကျေးရွာ၊ မောင်လှကိုင်ကျေးရွာ စသည့်ရွာပေါင်း ၁၁ ရွာမှဒေသခံများမှာ ၂၀၁၉ ဒီဇင်ဘာလဆန်းပိုင်းကတည်းက လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာခဲ့ရသူများထဲမှ လူဦးရေတစ်သိန်းကျော်မှာ လက်ရှိတိုက်ပွဲများရပ်တန့်နေသော်လည်း နေရပ်သို့မပြန်နိုင်သေးကြပေ။

https://www.facebook.com/dmgnewsagency/posts/2094943367324730

Leave a Reply

Your email address will not be published.