BMG အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင် စထုတ်

By Western News/ 2021 August 12

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံ အကွက်(၁၀)တွင် BMG သောက်ရေသန့်စက်ရုံပိုင်ရှင် ဦးထွန်းထွန်းဦး တည်ဆောက်ထားသည့် BMG အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များ ယနေ့ သြဂုတ်လ ၁၂ ရက်တွင်စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူကပြောသည်။

BMG အောက်ဆီဂျင်စက်ရုံကို ကိုဗစ်ရောဂါအခြေအနေများနှင့် အောက်ဆီဂျင်လိုအပ်ချက်များကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်ဘူး ၇၆ လုံးထိထုတ်လုပ်နိုင် ကြောင်းစက်ရုံတာဝန်ရှိသူများကပြောသည်။

BMG အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသည့် အောက်ဆီဂျင်များကို အောက်ဆီဂျင်အရေးတကြီးလိုအပ်သည့် လူနာများကို ကူညီပေးသွားမည်ဖြစ်သည်ဟု စက်ရုံတာဝန်ခံ ကိုနေသူ က Western News ကိုပြောသည်။

“ကျနော်တို့မှာ လူမှုအဖွဲ့အစည်းတွေ၊ ဆေးရုံတွေနဲ့ဆက်သွယ်ထားတာရှိတယ်။ တတ်နိုင်သမျှ သူတို့ လိုအပ်တယ်ဆိုလို့ရှိရင်၊ အမှန်တကယ်အရေးကြီးတယ်ဆိုလို့ရှိရင် ဆေးရုံရဲ့အောက်ဆီဂျင် အရေးတကြီး လိုအပ်ကြောင်းလက်မှတ်တစ်ခုပါရင် ကျနော်တို့ကူညီပေးသွားမယ်။ ကျနော်တို့ကတော့ တကယ်လိုအပ်တဲ့ သူတွေအတွက် ကူညီပေးဖို့ပါပဲ” ဟုပြောသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံကို တစ်လ ကျော်ကြာတည်ဆောက်ခဲ့ရပြီး စက်ရုံတည်ဆောက်ရာတွင် ကျပ်သိန်းတစ်ထောင်ကျော်ကုန်ကျခဲ့ကာ အောက်ဆီဂျင်စက်ကို နိုင်ငံခြားမှတဆင့် မှာယူရသည့်အတွက် အခက်အခဲများဖြင့်ကြုံတွေ့ခဲ့ရကြောင်းလည်း ကိုနေသူက ဆက်ပြောသည်။

ယင်းအပြင် အောက်ဆီဂျင်လိုအပ်နေသည့် ဆေးရုံတက်လူနာများနှင့် အောက်ဆီဂျင်လိုအပ်နေသည့် ဆေးရုံများကို အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျန်နေသည့်အောက်ဆီဂျင်ဘူးများကိုလည်း သတ်မှတ်နှုန်းထားတစ်ခုသတ်မှတ်ပြီး ရောင်းချသွားမည်ဖြစ်ကြောင်းလည်း စက်ရုံတာဝန်ခံ ကိုနေသူ က Western News ကိုပြောသည်။

ယင်းအပြင် မြောက်ဦးမြို့တွင်တည်ဆောက်ထားသည့် နန်းရိပ်ဂရုနာအောက်ဆီဂျင်စက်ရုံမှာ သ◌ြဂုတ်လ ၃ ရက်နေ့က လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အောက်ဆီဂျင်ထုတ်လုပ်မှုအပိုင်းတွင်အခက်များနှင့်ကြုံတွေ့ခဲ့ရပြီး သံတွဲအောက်ဆီဂျင် စက်ရုံမှာလည်း ဇူလိုင်လ ၂၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေအနည်းငယ်မြုပ်ခဲ့ကာ အဆိုပါစက်ရုံများမှာ လက်ရှိအချိန်တွင်ပုံမှန်လည်ပတ်နေကြောင်းလည်းသိရသည်။

https://www.facebook.com/westernnewsagency/posts/348681450271699

Leave a Reply

Your email address will not be published.