၁၃ သြဂုတ် စစ်တွေဆန်ပြဿနာနေ့ ဘယ်အခါမှ မမေ့

By Narinjara/ 2021 August 13

ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ဟာ ရခိုင်သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ သမိုင်းဝင် စစ်တွေ ဆန်ပြဿနာ အရေးတော်ပုံနေ့ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ်က ရခိုင်ပြည်မှာ ဆန်စပါးရှားပါးတဲ့အတွက် ပြည်သူတွေ အငတ်ဘေးနဲ့ ကြုံတွေ့ခဲ့ကြရာကနေ သောင်းနဲ့ချီတဲ့ပြည်သူတွေဟာ ဆန်ရရှိရေးအတွက် စစ်တွေမြို့ လမ်းမတွေပေါ်ကို ချီတက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ မဆလ အစိုးရအနေနဲ့ ရခိုင်ပြည်ကထွက်တဲ့ ဆန်စပါးတွေကို နိုင်ငံခြားကိုရောင်းချပြီး ပြည်သူတွေကိုထုတ်မရောင်းချတဲ့အတွက် ပြည်သူတွေဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီအငတ်ဘေးကိုဖြေရှင်းပေးဖို့နဲ့ နိုင်ငံခြားကို တင်ပို့မဲ့ဆန်စပါးတွေကို ပြည်သူတွေကို ထုတ်ရောင်းပေးဖို့ အဲဒီနှစ် သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့ပေါ်မှာ လူပေါင်း သောင်းနဲ့ချီ ဆန္ဒပြတောင်းဆိုမှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

ဆန္ဒပြတောင်းဆိုသူတွေကို အာဏာပိုင်တွေက သေနတ်တွေနဲ့ပစ်ဖောက်လူစုခွဲဖြေရှင်းရာကနေ ဆန္ဒပြပွဲမှာ ပါဝင်သူ လူပေါင်း နှစ်ရာကနေ သုံးရာကြား ပစ်သတ်ခံခဲ့ရတယ်လို့ မျက်မြင်ပါဝင်သူတွေက ပြောပါတယ်။

အစိုးရဘက်ကတော့ ၁၇ ယောက်ပဲ သေဆုံးခဲ့တယ်လို့ အဲဒီအချိန်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်တွေမြို့ လမ်းမတွေပေါ်မှာ သွေးချောင်းစီးခဲ့ရပြီး ရခိုင်သမိုင်းမှာ မော်ကွန်းထိုးခဲ့တဲ့ စစ်တွေဆန်ပြဿနာ အရေးအခင်းဟာ ဒီနှစ်မှာ နှစ်ပေါင်း (၅၄)နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

အဲဒီဆန္ဒပြတဲ့နေ့ ဘယ်လိုတွေဖြစ်လာခဲ့သလဲ။ ဘယ်သူတွေက ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သလဲ။ ဆန္ဒပြချိန်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။ နောင်လာနောက်သားလူငယ်တွေအနေနဲ့ ဘာတွေသတိထားရမလဲ စတာတွေကို အဲဒီဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ ဦးဦးလှကျော် (စာရေးဆရာ ဗဂျီးကျော်-စစ်တွေ)ကို နိရဥ္စရာသတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

https://www.facebook.com/narinjara.info/posts/4582820021730039

Leave a Reply

Your email address will not be published.