By Narinjara/ 2021 August 4
ကိုဗစ် ၁၉ တတိယလှိုင်း၏ stay at home သတ်မှတ်ထားသောကာလအတွင်း စားဝတ်နေရေးအကျပ်အတည်းဖြစ်နေသော ဘူးသီးတောင်မြို့မြတောင်စစ်ဘေးရှောင်စခန်းရှိ အိမ်ထောင်စု ၁၅ စုအား ဘူးသီးတောင်လူငယ်အစည်းအရုံးက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ငပိ၊ ငရုပ်သီးခြောက်နှင့် ကြက်သွန်များကို သြဂုတ် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်လူငယ်အစည်းအရုံးဦးဆောင်သူ ကိုနိုင်နိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။
“အလုပ်လုပ်နိုင်တဲ့လူတွေမရှိတဲ့ အိမ်တွေ၊ ကလေးတွေအများကြီးနဲ့ အလုပ်ထွက်လုပ်ဖို့အဆင်မပြေတဲ့ မိသားစုတွေ၊ မုဆိုးမတွေ၊ သက်ကြီးရွယ်အိုတွေ ရှိတဲ့မိသားစုတွေထဲကမှ အရေးတကြီးလိုအပ်နေတဲ့မိသားစု ၁၅ စုကိုရွေးပြီးပေးတာပါ။ မြတောင်စစ်ရှောင်စခန်းမှာက အခက်ခဲဖြစ်နေသူတွေအများကြီးရှိတော့ ကျနော်တို့အစည်းအရုံးက ထပ်ကူညီဖို့ရှိပါသေးတယ်” ဟုပြောသည်။
ဘူးသီးတောင်မြို့နယ်လူငယ်အစည်းရုံးက ၎င်းအိမ်ထောင်စု ၁၅ စုအတွက် တစ်အိမ်ထောင်စီ ၂၅ kg ပါ ဆန်တစ်အိတ်၊ ဆီတစ်ဘူး၊ ဆားတစ်ပိဿာ၊ ငပိတစ်ပိဿာ၊ ငရုတ်သီးခြောက်တစ်ပိဿာ၊ ကြက်သွန်တစ်ပိဿာ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း ကိုနိုင်နိုင်က ပြောသည်။
စစ်ရှောင်စခန်းတွင် လူတိုင်းအခက်အခဲဖြစ်နေသော်လည်း အဆိုပါအစည်းအရုံးအနေဖြင့် ဒုက္ခသည်များထဲမှ ဒုက္ခသည်ကိုရွေးပြီး အလွန်တရာခက်ခဲနေသည့်မိသားစုများကိုလာလှူခြင်းဖြစ်ကြောင်း မြတောင်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးခင်မောင်ညွန့်ကပြောသည်။
“ကယ်ဆယ်ရေးစခန်းမှာက လူတိုင်းက ခက်ခဲနေတာပါ။ ပုံမှန်ဆိုလို့ လူ /ကယ်ပြန်က လူတစ်ယောက် တစ်ရက်ဆန် ၂ လုံး ပေးတာပဲရှိတယ်။ ၁၄ ရက်တစ်ခါ ဆန် ၃ ပြည်နဲ့ ၄ လုံး (၇ သစ်) ပေးတဲ့အထဲ ရက်ကမမှန်ဘူး။ ၁၇ ရက်နဲ့ ရက် ၂၀ ကြာတဲ့အခါလည်းရှိတယ်။ အိမ်တစ်အိမ်မှာ ဆန်၊ ဆီ၊ ဆား၊ ငရုတ် အစုံရှိတယ်ထားဦးတော့ မနက်ကျရင်စျေးထွက်ဖို့ပိုက်ဆံလိုတယ်။ ဆန်တစ်ခုတည်းနဲ့စားဝတ်နေရေးအဆင်ပြေဖို့မလွယ်ကူးဘူး” ဟု ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် အရင်က ကျပန်းအလုပ်ထွက်လုပ်၍ အသုံးစရိတ်အတွက် အနည်းငယ်အဆင်ပြေခဲ့ကြသော်လည်း ယခုကိုဗစ်ကာလတွင် အလုပ်ထွက်မလုပ်ရသောကြောင့် အစိုးရပိုင်း အနေဖြင့် ဆန်တစ်ခုတည်းပေးရုံမျှနှင့် မလုံလောက်တော့ကြောင်း ၎င်းက ဆိုသည်။
မြတောင်စစ်ဘေးရှောင်စခန်းတွင် ယခင်က အိမ်ထောင်စု ၂၄၀ ကျော်ရှိခဲ့ရာမှ နေရပ်ပြန်သူများလည်းရှိရာ ယခုအခါ အိမ်ထောင်စု ၁၆၀ စု၊ ကျား ၃၄၄ ယောက်၊ မ ၄၁၅ ယောက်၊ စုစုပေါင်း လူဦးရေ ၇၅၉ ယောက်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4555598027785572