သိုင်းချောင်းကျေးရွာတွင်၂ ရက်ကြာနေထိုင်ခဲ့သည့် မြန်မာစစ်တပ် ပြန်လည်ထွက်ခွာ

By Western News/ 2021 August 28

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သိုင်းချောင်းကျေးရွာတွင် ၂ ရက်ကြာနေထိုင်ခဲ့သည့် မြန်မာစစ်တပ်က ယနေ့ ဩဂုတ် ၂၈ ရက်နံနက် ၄ နာရီခန့်က ပြန်လည် ထွက်ခွာသွားကြပြီဖြစ်ကြောင်းကျေးရွာသားများကပြောသည်။

အဆိုပါစစ်ကြောင်းမှာ သိုင်းချောင်းကျေးရွာသို့ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက် နေ့ နံနက် ၆ နာရီခန့်က ဝင်ရောက် လာခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ၂ ရက်ကြာနေထိုင်ခဲ့ကာယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်က ပြန်လည်ထွက်ခွာသွားကြပြီဖြစ်သည်။

သိုင်းချောင်းကျေးရွာသားတစ်ဦးက “ဒီနေ့ နံနက်ပိုင်း ၄ နာရီလောက်ကပြန်လည်ထွက်သွားကြပါပြီ။ ဘယ်ဖက်ကို သွားကြလဲတော့မသိပါဘူး သန်ခေါင်ယံမှာထွက်သွားကြတာဆိုတော့လေ။ ကျွန်တောတို့ရွာမှာ၂ ရက်လောက် နေခဲ့တာပေါ့။ စစ်ဆေးတာတွေတော့မရှိပါဘူး။ ဓာတ်ပုံရိုက်လို့ရွာကတစ်ယောက်ကို တော့ နည်းနည်းစစ်ဆေးခဲ့ပါတယ်”ဟုပြောသည်။

သိုင်းချောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သောမြန်မာ့စစ်သားများမှာ ကျောက်ဖြူမြို့ ခလရ ၃၄ တပ်ရင်းမှဖြစ်ပြီး စစ်ကြောင်း ရွာထဲသို့ဝင်လာစဉ်က ကျေးရွာသားတစ်ချိူ့မှာကြောက်လန့် ထွက်ပြေးခဲ့ရသလို ကျေးရွာရှိဆရာ၊ ဆရာမ အရေအတွက်နှင့် ကျောင်သားအရေအတွက်ကိုလည်း မေးမြန်မှုများရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းအုပ်စု၊ ဇိုင်ချောင်းကျေးရွာn အတွင်းသို့ မြန်မာစစ်ကြောင်းတစ်ခုဝင်ရောက်ကာ ကျေးရွာသား ၁၅၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခဲ့ပြီး ၁၂ ရက်ကြာမှ ပြန်လွတ်ပေးခဲ့သည်။

သိုင်းချောင်းကျေးရွာတွင် အိမ်ထောင်စု ၁၉၀ ခန့်ရှိပြီး လူဦးရေ ၇၀၀ ရှိကာ ကျောက်ဖြူမြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည်။

https://www.facebook.com/westernnewsagency/posts/359164479223396

Leave a Reply

Your email address will not be published.