ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့ကို စစ်တွေတွင် ဖမ်းဆီးထိန်းသိမ်းထား၊ ယခုအပတ်တွင် ရုံးထုတ်နိုင်ဟုဆို

By Western News/ 2021 August 24

ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ဝန်ကြီးဟောင်း ၂ ဦးကို သြဂုတ်လ ၁၂ ရက်နေ့တွင် အဂတိလိုက်စားမှုကော်မရှင်က ခေါ်ယူတွေ့ဆုံပြီးနောက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာရဲစခန်းတွင် ၃ ရက်ခန့်မျှ ဖမ်းဆီးထိန်းသိမ်းထားကာ ယင်းမှ တဆင့် စစ်တွေသို့ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်းမိသားစုဝင်များက Western News ကိုပြောသည်။

ဝန်ကြီးဟောင်း ၂ ဦးကို ဖမ်းဆီးပြီးနောက် ရမန်တစ်ပတ်ယူကာ အဂတိလိုက်စားမှုဖြင့်အမှုဖွင့်ထားပြီး ယခုအပတ်အတွင်း ရုံးထုတ်နိုင်ကြောင်း ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၏ မိသားစုဝင် တစ်ဦးက Western News ကိုပြောသည်။

“လောလောဆယ်တော့ ကျနော်တို့လည်း အတိအကျမသိသေးဘူး။ ရုံးထုတ်ဖို့ရက်ကတော့ ၂၅၊ ၂၆ ရက်နေ့လောက် ရှိမယ်ထင်တယ်။ အတိအကျတော့မသိဘူး။ စပြီးတော့ ဖမ်းတဲ့နေ့ကစပြီးတော့ ရမန်တစ်ပတ်ယူထားတယ်။ ဖမ်းတာကတော့ သြဂုတ်လ ၁၂ ရက်နေ့ကဖမ်းတာ။ ရန်ကုန်မှာ သူတို့နှစ်ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကခေါ်ပြီး တော့ အဂတိလိုက်စားမှုနဲ့ နှစ်ယောက်စလုံးကို တပြိုင်တည်းဖမ်းဆီးတာ ဖြစ်တယ်”ဟုပြောသည်။

ဝန်ကြီးဟောင်း ၂ ဦးစလုံးမှာ ကျန်းမာရေးကောင်းမွန်ကြပြီး အစားအစာ၊ ဆေးဝါးများကိုပေး၍ရသော်လည်း ကိုဗစ်ကာလ ဖြစ်၍ လူချင်းတွေ့ခွင့်မပြုကြောင်း ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၏ မိသားစုဝင်က ပြောသည်။

“သူတို့ကိုတော့ စစ်တွေ အမှတ် ၁ ရဲစခန်းမှာချုပ်နှောင်ထားတယ်။ ကိုဗစ်ကာလဆိုတော့ လူချင်းတွေ့ခွင့်မရဘူး။ အစားအစာတွေ၊ ဆေးဝါးတွေနဲ့ လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေကိုတော့ ပို့လို့ရတယ်။ ကျနော်တို့လည်း နေ့တိုင်းပို့နေတယ်။ အရေးကြီးတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေဆိုရင်တော့ စခန်းမှူးဖုန်းနဲ့ ပြောတယ်” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ စစ်တွေမြို့နယ် အမှတ် ၁ ရဲစခန်းမှူးအား Western News က သြဂုတ်လ ၁၄ ရက်နေ့က ဆယ်သွယ်ခဲ့ရာတွင် တရားလိုလုပ် တရားစွဲဆိုထားသည့် အထူးစုံစမ်းစစ်ဆေးရေးအားမေးမြန်းရန် ဖြေဆိုခဲ့သည်။ ယင်းအပြင် ယနေ့ သြဂုတ် ၂၄ ရက် ထပ်မံဆယ်သွယ်ရာတွင် ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့အပါအဝင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ ၂ ဦးကိုလည်း အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ ဖြင့်အမှုဖွင့်ထားခြင်းဖြစ်သည်။

ယင်းအထဲမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို သ◌ဂြုတ်လ ၁၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက ရမ်းဗြဲမြို့နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ရမ်းဗြဲမြို့နယ်တရားရုံးတွင် ရမန်နှစ်ပတ်ယူကာ စစ်တွေသို့ ပို့ဆောင်လိုက်ကြောင်း မိသားစုဝင်များနှင့် မျက်မြင်များကပြောဆိုသော်လည်း မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။

https://www.facebook.com/westernnewsagency/posts/356730876133423

Leave a Reply

Your email address will not be published.