ဝန်ကြီးဟောင်းဦးကျော်လွင်ဖမ်းဆီးခံရသည့်နေ့တွင်ပင် ဦးညီပုအပါအဝင် ရခိုင်ပြည်နယ်ဝန်ကြီးဟောင်း ၅ဦးကို အဂတိမှုဖြင့်တရားစွဲကြောင်းကြေညာ

By Narinjara/ 2021 August 13

အောင်ဇံ

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ယနေ့ နေ့လယ်က ရမ်းဗြဲမြို့ နေအိမ်က ဖမ်းဆီးပြီးနောက် သူအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုလိုက်သည်ဟု စစ်တပ်ပိုင်မြဝတီရုပ်သံက ယနေ့ ည ၈နာရီသတင်းတွင် ကြေညာခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်နှင့် အတူ တရားစွဲဆိုခံရသူများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ ဖြစ်ကြသည်။

ဝန်ကြီးဟောင်းများဖြစ်ကြသည့် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့သည် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာစေ၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှုဖွင့်အရေးယူထားကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေ မြို့မ ရဲစခန်း၌ ကနဦး တိုင်ချက်ဖွင့် အရေးယူထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး/မွေးမြူရေး/ သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်တို့သည် ဂွမြို့ ရွာမရပ်ကွက်နှင့် ကင်းရိုးရပ်ကွက် ကြားရှိ ဂွချောင်း ဂုံးသောင်မြေနေရာတွင် တန်ဖိုးနည်းအိမ်ရာ ဖော်ထုတ်ရာတွင်လည်းကောင်း၊ ဝန်ကြီးချုပ် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံတို့သည် နိုင်ငံပိုင် အဆောက်အဦး ၃ ခုကို ဒေသခံများအလုပ်အကိုင်ရရှိရေးခေါင်းစဥ်ဖြင့် အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခုကို ဌားရမ်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (၈၆၅)သန်းကို ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွင် မထည့်သွင်းပဲ ဆက်လက်သုံးစွဲခဲ့၍ လည်းကောင်း ပြည်နယ်စည်ပင် ဝန်ကြီးဟောင်း ဦးမင်းအောင်သည် လွှတ်တော်က သဘော မတူထားသည့် စျေး ၅ စျေး ဆောက်လုပ်ရာတွင် တင်ဒါလုပ်ထုံးလုပ်နည်းဖြင့် မကိုက်ညီ၍ လည်းကောင်း၊ တောင်ကုတ်မြို့မစျေးတည်ဆောက်ရာတွင် သတ်မှတ် တင်ဒါစျေးထက် ကျပ်သန်း(၁၇၀)ပို၍ စာချုပ်ခဲ့၍ လည်းကောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကို ဖေဖော်ဝါရီလ ၉ရက်နေ့ နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖော်ဖော်ဝါရီလ ၁၁ရက်နေ့ တို့တွင် အသီးသီး ဖမ်းဆီးထားပြီး၊ ဦးကျော်လွင်ကိုလည်း ယနေ့ သြဂုတ်လ ၁၂ ရက်နေ့တွင် ရမ်းဗြဲ မြို့နေအိမ်မှ ဖမ်းဆီးသွားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4581743785170996

Leave a Reply

Your email address will not be published.