By Western News/ 2021 August 2

ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ရူးတိုက်နယ်ဆေးရုံတွင် လျှပ်စစ်မီးမရရှိဘဲ ပြတ်တောက်နေသည်မှာ ၇ ရက်ခန့်ရှိ နေပြီဖြစ်သဖြင့် အရေးပေါ်လူနာများအား အောက်ဆီဂျင်ပေးနေရသည့်အပိုင်းတွင် အခက်အခဲနှင့်ကြုံတွေ့ နေရ သည်ဟု ဆေးရုံးတာဝန်ခံကပြောသည်။
အဆိုပါ ဆေးရုံး၌ ဆေးကုသမှုခံယူနေကြသည့်ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးရှိနေပြီး တစ်ခြား သွေးတိုးရောဂါ တို့ဖြင့်လာရောက်ကုသမှုခံယူနေသူ ၂ ဦးရှိသည်ဟု ရူးဆေးရုံတာဝန်ခံ ဒေါက်တာပြည့်ဖြိုးသန်း ကပြောသည်။
လက်ရှိတွင် ဆေးကုသမှုခံယူနေသူများထဲမှ အရေးပေါ်အောက်ဆီဂျင်ပေးရမည့်လူနာများရှိလာလျှင် ဆေးရုံရှိ မီးစက်ကိုသာအားကိုးနေရသည်ဟု ဒေါက်တာပြည့်ဖြိုးသန်းက Western News ကိုပြောသည်။
“အခုကဆေးရုံမှာ မီးမရောက်တာ တစ်ပတ်ရှိပြီ။ မီးမရလို့အောက်ဆီဂျင်ပေးရတဲ့အပိုင်းမှာ အခက်အခဲဖြစ်သွားတယ်။ အောက်ဆီဂျင်ကိုက လျှပ်စစ်မီးနဲ့မှပေးလို့ရတာ။ အခုတော့မီးစက်ကိုသာ အားကိုနေရတယ်။ ကိုဗစ်လူနာတော့ ၁၃ ယောက်ရှိတယ်။ တခြားရောဂါနဲ့လူနာတော့ ၂ ယောက်ရှိတယ်” ဟု ပြောသည်။
အလားတူ ကမ်းထောင်းကြီးမြို့၊ မြေပုံမြို့နယ် ပေါက်တူတောင်ကျေးရွာ၊ သရက်တောင်ကျေးရွာ၊ နှင့် အမ်းမြို့နယ်ရှိ ရူးတိုက်နယ်ကျေးရွာအပါအဝင် ဒုက္ကံကျေးရွာ၊ရူး(ချင်းရွာ)တို့မှာလည်းမီးမရရှိဘဲ ပြတ်တောက်နေသည့်မှာ ၇ ရက်ခန့်ရှိနေပြီဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့တွင် အမ်းမြို့ဇာဒီမော် လျှပ်စစ်ဓါတ်အားခွဲစက်ရုံ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ၎င်းစက်ရုံမှလျှပ်စစ်ဖြန့်ဖြူးပေးနေသည့် အမ်းမြို့တွင်း၊ တပ်တောင်မြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြေပုံမြို့ နယ် ကမ်းထောင်းကြီးမြို့နှင့် ရူးတိုက်နယ်ကျေးရွာတို့တွင် မီးပြတ်တောက်သွားခဲ့ရခြင်းဖြစ်သည်။ လက်ရှိတွင် အမ်းမြို့ပေါ်၌လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာကို ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
https://www.facebook.com/westernnewsagency/posts/342056157600895