By Western News/ 2021 August 5
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လက်မ(မွတ်စလင်)ကျေးရွာမှ ရာဇဝတ်မှုများကျူးလွန်နေသည့် လူဆိုးဂိုဏ်းများကို ဒေသခံ များ၏ တိုင်ကြားချက်ဖြင့် တရားဥပဒေအရအရေးယူဆောင်ရွက်ရန် ULA/AA မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများ ထံမှဆပ်ကြေးကောက်ခံခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က မင်းပြားမြို့နယ်၊လက်မ(မွတ်စလင်)ကျေးရွာသို့ AA တပ်ဖွဲ့ဝင် ၃၀၀ ခန့်ဝင်ရောက်လာပြီး ကျေးရွာသားများထံမှ ဆပ်ကြေးကောက်ခံခဲ့သလို ဆပ်ကြေးပေးရန်ငြင်းဆန်သည့် ကျေးရွာသား ၁၂ ဦးကိုလည်း အစားအစာများမပေးဘဲ ဗလီအတွင်းပိတ်လှောင်ထားခဲ့သည်ဟု ဗြိတိန်အခြေစိုက် မွတ်စလင်များအရေးတက်ကြွ လှုပ်ရှားနေသည့် Burma Campaign (UK) က သြဂုတ် ၂ ရက်နေ့တွင်စွပ်စွဲထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သတ်၍ ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေသည့် ခိုးဆိုးလုယက်ရာဇဝတ်ဂိုဏ်းကို ULA ၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ဒေသခံများတိုင်ကြားချက်ဖြင့် အရေးယူရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြေဆိုသည်။
“သူတို့စွပ်စွဲပြောဆိုနေသလိုမျိုး လုံးဝမဟုတ်ပါဘူး။ မင်းပြားမြို့နယ်၊လက်မ(မွတ်စလင်)ရွာကိုအခြေပြုပြီးတော့ နှစ်ပေါင်း များစွာ ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ ခိုးဆိုးလုယက်ရာဇဝတ်ဂိုဏ်းကို ULA ရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံတွေရဲ့တိုင်ကြားချက်နဲ့ အရေးယူဖို့လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဆိုတော့ အဲဒီမှာ ဦးရွှေသိန်းမောင်( မွတ်စလင်အမည်-အဲလိယာ့စ်) လို့ခေါ်တဲ့ သူခိုးဂိုဏ်းတစ်ခုကို စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီးတော့ သူတို့နဲ့ဆက်စပ်တဲ့အဖွဲ့ဝင်တစ်ချို့ကိုလည်း သက်သေခံပစ္စည်းတွေနဲ့ဖမ်းဆီးရမိခဲ့တယ်။ ပြီးတော့ သူတို့စွပ်စွဲသလိုမျိုး ဗလီထဲမှာပိတ်လှောင်ထားတာမရှိဘူး။ ကလေးတစ် ယောက်သေသွားတယ်ဆိုတာကလည်း လုံးဝမဟုတ်ဘူး။ ဒါဟာ လုပ်ကြံပြီးတော့ စွပ်စွဲနေတာဖြစ်တယ်။ ကြမ်းကြမ်း တမ်းတမ်းလည်း မလုပ်ဘူး။ ခေါ်ယူစစ်ဆေးတဲ့ နေရာကလည်း သူတို့ပြောသလို ဗလီထဲမှာမဟုတ်ဘူး။ ဗလီကျောင်းရဲ့ စာသင်ဆောင်မှာ ကျေးရွာလူကြီးတွေရဲ့ခွင့်ပြုချက်နဲ့ စစ်ဆေးခဲ့တာပဲရှိတယ်”
ခိုင်သုခ (ရက္ခိုင်တပ်တော် ပြန်ကြားရေးတာဝန်ခံ)
ယင်းအပြင် လူဆိုးဂိုဏ်းများအားလွှတ်ထားလိုက်လျှင် ဒေသခံပြည်သူများအတွက်အန္တရာယ်ရှိလာနိုင်ပြီး ဘာသာရေး၊ လူ့အခွင့်အရေးများကို အကာအကွယ်ယူပြီး ရာဇဝတ်မှုကိုကျူးလွန်ချင်တိုင်းကျူးလွန်ရန်အတွက် ULA/AA က ခွင့်မပြုနိုင် ကြောင်းလည်း ခိုင်သုခ က ဆက်ပြောသည်။
“ဒီလူဆိုးဂိုဏ်းတွေကိုလွှတ်ထားလိုက်လို့ရှိရင်တော့ ဒေသတွင်းတည်ငြိမ်မှု၊ လုံခြုံမှုတွေအတွက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒေသခံပြည်သူတွေရဲ့ပူပေါင်းပြီးတော့မှ မှန်မှန်ကန်ကန်ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဒီနေရာမှာ ပြောလိုတာကတော့ ဘာသာရေး၊ လူ့အခွင့်အရေးတွေကို အကာအကွယ်ယူပြီးတော့မှ ရာဇဝတ်မှုကို ကျူးလွန်ချင်တိုင်းကျူးလွန်ဖို့အတွက်တော့ ကျနော်တို့ခွင့်မပြုနိုင်ပါဘူး”
ခိုင်သုခ (ရက္ခိုင်တပ်တော်ပြန်ကြားရေတာဝန်ခံ)
ယခုဖြစ်စဉ်မှာ ဘာသာရေး၊ လူမျိုးရေးများနှင့်သက်ဆိုင်မှုမရှိဘဲ ရာဇဝတ်မှုကျူးလွန်သူမည်သူ့ကိုမဆို ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အရေးယူသွားမည်ဖြစ်ပြီး ULA/AA အနေဖြင့် ရခိုင်ပြည်အတွင်းရှိလူမျိုးစုအားလုံး သဟဇာတကျအောင်၊ အေးအေးချမ်းချမ်းနှင့်လုံခြုံမှုရှိစွာနေထိုင်နိုင်ရန် တည်ဆောက်နေခြင်းဖြစ်သည်ဟု ခိုင်သုခ ကပြောသည်။ ယင်းအပြင် ဘာသာရေး၊ လူမျိုးရေးအကြောင်းပြချက်များဖြင့် ပြဿနာကိုမီးမွှေးပြီး နိုင်ငံတကာတွင် အလုပ်ဖြစ်အောင် လုပ်ဆောင်နေခြင်း မှာလည်း ရခိုင်ဒေသနေပြည်သူများအတွက် အလွန်အန္တရာယ်ကြီးကြောင်း သူက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အတွင်း မှုခင်းဖြစ်စဉ်များနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ကဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ULA တရားရေးဌာန၏ အီးမေးလ်၊ တယ်လီဂရမ်နှင့် VK တို့မှ တဆင့်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။
https://www.facebook.com/westernnewsagency/posts/344141860725658