လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မြေပုံမြို့နယ် ညောင်ကန်ကျေးရွာမှ မနှင်းယုလှိုင် ဘယ်ဘက်လက် ပုံမှန်မလှုပ်ရှားနိုင်သေး

By Narinjara/ 2021 August 16

သန္တာကျော်ဇော

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်း လက်နက်ကြီးကျည်စ ဦးခေါင်းကို ထိမှန်ဒဏ်ရာရရှိခဲ့သည့် မနှင်းယုလှိုင်တွင် ဘယ်ဘက်လက် ပုံမှန်လှုပ်ရှား၍မရသေးဟု ဖခင်ဖြစ်သူ ဦးမောင်ဖြူသီးက ပြောသည်။

“နေလို့တော့ကောင်းပါတယ်။ ဘယ်ဖက်လက်တစ်ဖက်ကတော့ ကိုင်လို့လှုပ်လို့မရဘူးဖြစ်နေတယ်။” ဟုပြောသည်။

မနှင်းယုလှိုင်သည် ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့မှုကြောင့် စစ်တွေဆေးရုံတွင် ၄၆ ရက်ကြာဆေးကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်သို့သွားရောက်ကုသမှုခံယူခဲ့သည်။ ရန်ကုန်သို့ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ရှိခဲ့ပြီဖြစ်ပြီး သြဂုတ်လကုန်ခါနီးတွင် တတိယတစ်ကြိမ်သွားရောက်ကုသရမည်ဖြစ်သော်လည်း ကိုဗစ်နှင့် ငွေကြေးအခက်အခဲကြောင့် ရန်ကုန်သို့သွားရောက်ရန် အခက်အခဲဖြစ်နေရသည်ဟုလည်း ဦးမောင်ဖြူသီးက ဆိုသည်။

“ကိုဗစ်နဲ့ဆိုတော့ အကျပ်အတည်းတွေများတယ်။ ရန်ကုန်ကို အခုတတိယတခေါက်အဖြစ် ဆေးသွားကုဖို့အတွက် ဘယ်လိုသွားလာရမယ်မှန်းလည်း မသိဘူးဖြစ်နေတယ်။ ဆရာဝန်ကတော့ သုံးလတစ်ကြိမ်လောက်လာခိုင်းတယ်။ အခုတော့ အကူအညီအထောက်အပံ့တွေ မရဘူး။ ငါးလပိုင်းကတစ်ခေါက်သွားတုန်းကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က လမ်းစရိတ်နဲ့ဆေးကုစရိတ်တွေ ထောက်ပံ့ပေးတယ်။”ဟု ပြောသည်။

သမိုင်းမေဂျာအထူးပြု အဝေးသင်နောက်ဆုံးနှစ်ကျောင်းသူ မနှင်းယုလှိုင်သည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၈ ရက်နေ့က မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ရွာထဲကျရောက်ပေါက်ကွဲမှုကြောင့် သူမ၏ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က ဖြစ်စဉ်တွင် ညောင်ကန်ကျေးရွာမှ ကျောင်းဆရာမတစ်ဦး၊ ကလေးနှစ်ဦးနှင့် ကျေးရွာသားတစ်ဦး စုစုပေါင်း ၄ ဦး သေဆုံးသွားခဲ့ပြီး မနှင်းယုလှိုင်အပါအဝင် ဒေသခံ(၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် မနှင်းယုလှိုင်သည် ညောင်ကန်ကျေးရွာတွင်ရှိနေပြီး စကားလည်း ပီပီသသပြောနိုင်နေပြီဖြစ်ကာ တက္ကသိုလ်လည်း ဆက်တက်ချင်နေသည်ဟု ဖခင်ဖြစ်သူက ပြောသည်။

https://www.facebook.com/narinjara.info/posts/4592458760766165

Leave a Reply

Your email address will not be published.