ရိက္ခာပြတ်နေသည့် မြောက်ဦးနှင့်ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင် စခန်းအချို့ကို ဝေဟင်အောင်ပရဟိတအဖွဲ့မှ အရေးပေါ်ဆန် ၆၀၆ အိတ်ကူညီလှူဒါန်း

By Narinjara/ 2021 August 13

သန္တာကျော်ဇော

ရိက္ခာအခက်အခဲကျရောက်နေသည့် မြောက်ဦးမြို့နယ်နှင့် ကျောက်တော်နယ်မှ စစ်ဘေးရှောင် စခန်းတချို့ကို ဝေဟင်အောင်ပရဟိတအဖွဲ့က အရေးပေါ် လိုအပ်ချက်အတွက် ဆန်အိတ် ၆၀၆ အိတ်နှင့် အောက်ဆီဂျင်တိုင်းစက် ၈ လုံးကို သွားရောက်ကူညီလှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

လှူဒါန်းခဲ့သည့် ဆန်အိတ် ၆၀၆ အိတ်တွင် မြောက်ဦးမြို့နယ် တိမ်ညိုစခန်းတွင် ၁၇၀၊ ကျောက်တော် မြို့နယ်မှ ညောင်ချောင်းနှင့် မဟာမြတ်မုနိ စစ်ဘေးရှောင်စခန်းကို အိတ် ၁၀၀၊ ဝက်လက်စခန်းကို ၆၅ အိတ်၊ ပုစွန်သည်စခန်း ၄၁ အိတ်၊ ဝါးတောင်နှင့် တောင်မင်းကုလား စစ်ရှောင်စခန်းတို့ကို ၁၃၀ အိတ် လှူဒါန်းခဲ့သည်ဟု သိရသည်။

စာရေးဆရာ ဦးဝေဟင်အောင်က “အခု ICRC နှင့်အခြားNGO အဖွဲ့အစည်း များရဲ့ပြောပြချက်အရ ဒီလအထဲမှာ စစ်ဘေးရှောင် စခန်းတွေမှာ စားနပ် ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြောလာတယ်။ ဒီအချက်ကို အစိုးရနဲ့အလှူရှင်တွေကလည်း ထည့်ပြီး စဉ်းစားပေးဖို့ မေတ္တာ ရပ်ခံချင်ပါတယ်။ ဆရာတို့ကတော့ ထပ်ပြီးစားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့ စစ်ရှောင် စခန်းတွေကိုတော့ အရေးပေါ်သွားပြီး လှူဒါန်းပေးသွားအုံးမယ်” ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်စခန်းများကို ICRC မှ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ယာယီ ရပ်နားထားပြီး ရိက္ခာများရောက်မလာသည်မှာ သုံးလကျော်လောက်ရှိနေ၍ စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည်ဟု ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းပြန်ကြားရေးတာဝန်ခံဦးစိုးနိုင်က “အခု အရေးပေါ်ရောက်လာတဲ့ ဆန်အိတ်တွေကတော့ နှစ်ရက်၊ သုံးရက် စာလောက်ဘဲ တောင့်ခံနိုင်မယ်လို့ထင်တယ်။ နောက်ရက်တွေမှာ ထပ်ပြီးတော့ စားနပ်ရိက္ခာတွေသာမရောက်လာခဲ့ရင်တော့ လုံးဝရိက္ခာတွေ ပြတ်သွားတော့မယ်” ဟုသူကပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများသို့ ICRC ၊ WFP နှင့် အခြား NGO အဖွဲ့အစည်းများမှ စားနပ် ရိက္ခာထောက်ပံ့မှုများ မရောက်လာနိုင်သည်မှာ လချီကြာနေပြီဖြစ်၍ စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်လပ်မှုနှင့် အလုံးအရင်းရင်ဆိုင်နေရကြောင်း သိရသည်။

ကိုဗစ်ကာလဖြစ်သည့်အတွက် အရေးပေါ်လိုအပ်ချက်အရ ဆန်အိတ်များ အပြင် အောက်ဆီဂျင် တိုင်းစက်များကိုလည်း မဟာမြတ်မုနိစစ်ရှောင်စခန်းတွင် ၂ ခု၊ ညောင်ချောင်းစခန်းတွင် ၂ ခု၊ ပုစွန်သည်စခန်းတွင် ၂ ခု၊ တိမ်ညို စခန်းတွင် ၂ ခု စုစုပေါင်း ၈ ခု လှူဒါန်းခဲ့ကြောင်းသိရသည်။

https://www.facebook.com/narinjara.info/posts/4583834721628569

Leave a Reply

Your email address will not be published.