By Narinjara/ 2021 August 28
သဥ္ဇာနွယ်
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ချောင်းဝရပ်ကွက်၊ ကမ်းနားလမ်းမှာ အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာပြီး နှစ်ခြမ်းကွဲအက်နေသဖြင့် စိုးရိမ်စရာ ဖြစ်နေကြောင်း သတင်းရရှိသည်။
အက်ကွဲကြောင်းဖြစ်ပေါ်ရာတွင် ချောင်းကမ်းနားဘက် လမ်းအပိုင်းမှာ မြေထဲသို့ နိမ့်ကျသွားသဖြင့် အန္တရာယ်ပိုရှိနေသည်ဟု ရသေ့တောင်မြို့မိ မြို့ဖ တစ်ဦးက ပြောသည်။
” ဒီလမ်းပျက်နေတာ မိုးရာသီစကတည်းကပါ။ သုံးလ လေးလလောက် ရှိပြီ။ဆောက်ထားတာ တစ်နှစ်ကျော်လောက်ပဲရှိသေးတယ်။ သွားလာတဲ့ လူတွေကိုတော့ အန္တရာယ်ရှိတဲ့နေရာတွေကို တိုင်စိုက်ပြီး ကန့်သတ် ထားတယ်”ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။
၎င်းလမ်းကို ၂၀၁၉-၂၀၂၀ ခုနှစ်က ကျပ်သိန်း ၂၀၀၀ဖြင့် ကွန်ကရစ်လမ်း ခင်းခဲ့ကြောင်း၊ လမ်းမှာ ပေ၂၀၀၀ရှည်ပြီး အကျယ်မှာ၁၈ပေ ရှိကြောင်း သိရသည်။
၎င်းလမ်းကို၂၀၁၉/၂၀၂ဝခုနှစ်တွင် အစိုးရနှင့်စည်ပင်အဖွဲ့ထံက ထက်မြက်စိုးစံဆောက်လုပ်ရေး ကုမ္ပဏီမှ ကန်ထရိုက်ဆွဲ၍ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် ယခု အက်ကွဲကြောင်းမှာ ချောင်းရေတိုက်စားပြီး မြေပြိုရာမှ ဖြစ်လာခြင်းဖြစ်ကြောင်း ရသေ့တောင် စည်ပင် ဥက္ကဌဟောင်း ဦးကျော်ဆန်းဦးက နိရဥ္စရာသို့ပြောသည်။
“ရေအရင်းမြစ်ကဖြစ်တာပါ။ ရေတိုက်စားလို့မြေပြိုတဲ့အတွက် လမ်းက ကွဲအက်သွားပြီး ပေ၁ဝဝလောက်ကျွံသွားတယ်”ဟု သူကပြောသည်။
ရသေ့တောင်မြို့မှ ကိုထွန်းထွန်းမင်းက “ကမ်းနားလမ်းက ရေဟာ အရင်ကတိုက်စားလို့ လမ်းကို ကွန်ကရစ်ခင်းတယ်။ ကွန်ကရစ်လုပ်ပြီး မကြာ ၂လ ၃လလောက်နေတာနဲ့ အောက်က ချောင်းနားကျတဲ့အတွက် ရေလောင် စားတာနဲ့ အက်ကြောင်းတွေ ပေါ်လာတယ်။ ပေ၁ဝဝ နီးပါးလောက် ရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မြေငလျင်လှုပ်သွားတဲ့ အတွက် အများကြီး နိမ့်ကျ သွားတယ်။ ပြိုဆင်း သွားတဲ့ နေရာမှာ မြို့ကို မီးပေးနေတဲ့ ဓာတ်တိုင်တွေ ရှိတယ်။အဲ့ဒါကို ဟိုတစ်ပတ်ကမီးကြိုးတွေကို EPC က လာပြီး ဖြုတ်သွား ကြတယ်။ မြို့သားတွေက အန္တရာယ်ရှိတယ်ပြောလို့။ ကွဲအက်သွားတဲ့ နေရာအစွန်နားနှစ်ဖက်ကလည်း ဓာတ်တိုင် ၂တိုင်ရှိသေးတယ်။အဲ့နားမှာ အိမ် ၃လေးဆောင်ရှိတယ်။ အဲ့ဒါက အန္တရာယ်အရမ်းများတယ်”ဟု ပြောသည်။
ယခုလက်ရှိအချိန်တွင် ကွဲအက်သွားသောလမ်းကို သက်ဆိုင်ရာ တာဝန် ရှိသူများက လာရောက်စစ်ဆေးနေပြီး ပြုပြင်ရန် စီစဉ်နေကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4630069130338461