ရသေ့တောင်မြို့နယ် သစ်ကတိုး(စူးခွင်)တွင် ခရုကောက်ရန်သွားရာမှ အသက် ၁၃ နှစ်အရွယ် ခုနှစ်တန်းကျောင်သူတစ်ဦး တောင်ပေါ်က လိမ့်ကျသေဆုံး၊ ပျောက်ဆုံးနေသူ လူငယ် ၄ ဦးကို ယနေ့ပြန်ရှာတွေ့

By Narinjara/ 2021 August 8

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယူကမ်း၊ သစ်ကတိုး(စူးခွင်)တွင် တောင်ထဲ ခရုကောက်ရန်သွားရာမှ အသက် ၁၃ နှစ်အရွယ် ခုနှစ်တန်းကျောင်သူ မိန်းခလေးငယ် တစ်ဦး တောင်ပေါ်က လိမ့်ကျသေဆုံးပြီး ပျောက်ဆုံးနေသူ လူငယ် ၄ ဦးကို ယနေ့ နံနက်က ပြန်ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးငယ်မှာ မနှင်းမိုးနွယ် (၁၃) နှစ်၊ (ဘ) ဦးသန်းထွန်း(မိ) ဒေါ်မဝင်းဖြစ်ပြီး ရွာရှိ အလယ်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် ခုနှစ်တန်းကျောင်းသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စကြောင့် သစ်ကတိုး(စူးခွင်)သို့ ရောက်ရှိနေသူ မေယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဦးကျော်သန်းက “ သေဆုံးတာက တောင်ထဲက စမ်းချောင်းမှာ ခရုကောက်သွားရင်းနဲ့ တောင်ပေါ်က လိမ့်ကျတယ်လို့ ပြောတယ်။ ခြေထောက်နဲ့ လက်ကကျိုးသွားတယ်။ အလောင်းကို ဩဂုတ် ၇ ရက်နေ့ ည ၇ နာရီ-၈ နာရီ လောက်မှာ ပြန်တွေ့တယ်။ သူမကို ဒီနေ့ အစောကြီး ညဉ့် ၂ နာရီလောက်မှာ သင်္ဂြိုလိုက်တယ်လို့ သိရပါတယ်။ ကျန် ပျောက်ဆုံးနေတဲ့ လူငယ် ၄ ယောက်ကိုတော့ ဒီနေ့ မနက်က ပြန်တွေ့ပါတယ်” ဟု ယနေ့နံနက် ၉ နာရီခွဲက ဆက်သွယ်စဉ် ပြောကြားသည်။

ဩဂုတ် ၇ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က သေဆုံးသူအမျိုးသမီးငယ် အပါအဝင် လူငယ် လေးဦး (မ ၃၊ ကျား၁) သည် မေယူတောင်ထဲသိုက  ခရုကောက်ရန်သွားရာမှ ယခုအခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တောင်ပေါ်မှ လှိမ့်ကျ၍ သေဆုံးသူ အမျိုးသမီးငယ်အား တောင်ပေါ်မှ လှိမ့်ကျပြီးနောက် ရွာသို့ ယူဆောင်ရန် ကြိုးစားသော်လည်း ၎င်းလူငယ် ၄ ဦးမှာ မိုးချုပ်သွားသဖြင့် အလောင်းကို ထားပြီး ရွာသို့ ပြန်စဉ် လမ်းပျောက်သွားပြီး မေယူတောင်ထဲတွင် တစ်ညနေထိုင်ခဲ့ရပြီး ရွာသားများလိုက်ရှာစဉ် ယနေ့ နံနက် ၈ နာရီ ခန့်လောက်ပြန်တွေ့ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

သစ်ကတိုး(စူးခွင်( ရွာသားတစ်ဦးက “  သူတို့ ၅ ယောက် အချိန်တန် မိုးချုပ်လို့ အိမ်ပြန်မရောက်တော့ ရွာသားတွေ ၁၀၀ လောက်က တောင်ထဲလိုက်ရှာကြပါတယ်။ သေဆုံးနေတဲ့ ခလေးမကို ည ၇ နာရီကျော်လောက်မှာ တောင်ထဲမှာ သေဆုံးပြီးတွေ့တယ်။ ကျန်တဲ့ မိန်းခလေး သုံးယောက်၊ ယောကျ်ားလေးတစ်ယောက်ကိုတော့ မတွေ့ဘူး။ ဒီနေ့ မနက် လိုက်ရှာတော့ ပြန်တွေ့ပါပြီ။ သူတို့က လမ်းမှားပြီး ရွာကို ပြန်မရောက်ဘဲ ဖြစ်သွားတာပါ” ဟု ပြောကြားသည်။

အဆိုပါ လူပျောက်မှုကြောင့် ဒေသအတွင်း စိုးရိမ်မှုများမြင့်တက်ခဲ့ပြီး ပျောက်ဆုံးသူများကို အနီးအနား ကျေးရွာသားများကပါ လိုက်လံရှာဖွေခဲ့ကြသည်ဟု သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4567470493264992

Leave a Reply

Your email address will not be published.