ရမ်းဗြဲမြို့နယ်တွင် နေ့လည် ၁၂ နာရီနောက်ပိုင်း မလိုအပ်ဘဲ အပြင်ထွက်သူများကို အရေးယူမှု စတင်လုပ်ဆောင်

By Development Media Group (DMG)/ August 3

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျလာစေရန်ရည်ရွယ်ပြီး ဒေသခံလူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်တို့ပူးပေါင်းကာ နေ့လည် ၁၂ နာရီနောက်ပိုင်း လိုအပ်ချက်မရှိဘဲ အပြင်ထွက်သူများနှင့် Mask မတပ်သူများကို သြဂုတ် ၃ ရက်နေ့မှစတင်ကာ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ နေ့လည် ၁၂ နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စနှင့် တောင်ယာလုပ်ကိုင်သူများမှအပ အကြောင်းမရှိဘဲ လမ်းပေါ်မထွက်ကြရန်နှင့် ဈေးဆိုင်ခန်းများကိုမဖွင့်ရန် ဒေသခံလူမှုအဖွဲ့အစည်း နှင့် ဒေသအာဏာပိုင်များမှ ထုတ်ပြန်ကြေငြာထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်အပေါ် လိုက်နာမှုရှိစေရန်အတွက် ယနေ့မှ စတင်ကာ လိုအပ်ချက်မရှိဘဲ အပြင်ထွက်သူများနှင့် ဈေးဆိုင်ခန်းများ၊ Mask မတပ်သူများကို ဖမ်းဆီးကာ ပထမအကြိမ် ပညာပေးအနေဖြင့်လုပ်ဆောင်နေကြောင်း ရမ်းဗြဲမြို့ ကိုဗစ်ကာကွယ်ရေး အရပ်ဖက်စုပေါင်းပရဟိတအဖွဲ့မှ တာဝန်ရှိသူ ကိုထွန်းနိုင်က DMG သို့ ပြောသည်။

“ဒီနေ့ကစပြီး လမ်းပေါ်ကို ကိစ္စမရှိဘဲထွက်လာသူတွေကို ပထမအကြိမ်ဖမ်းဆီးပြီး ပညာပေးမှုတွေစတင်လုပ်နေပါပြီ။ ၁၂ နာရီနောက်ပိုင်း ကွမ်းယာဆိုင်တို့၊ ဈေးဆိုင်တို့ကိုမဖွင့်ဖို့ အကြိမ်ကြိမ် ကြော်ငြာထားပြီးပြီ။ အပြင်ထွက်ခွင့်ပေးထားသူတွေကတော့ ကျန်းမာရေးကိစ္စနဲ့ တောင်ယာလုပ်ကိုင်သူတွေကို ထွက်ခွင့်ပေးထားပါတယ်။ အရက်သောက်တာမျိုး၊ လူစုလူဝေးလုပ်တာမျိုးတွေကို အခုဖမ်းနေပါပြီ” ဟု ပြောသည်။

ယနေ့တွင် လူ ၃ ဦးအားဖမ်းဆီးကာ ပညာပေးအနေဖြင့် ခံဝန်ထိုးပြီးပြန်လွှတ်ပေးလိုက်ကြောင်းနှင့် နောက်ထပ်လိုက်နာမှုမရှိပါက ထိထိရောက်ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အရေးယူခြင်းမှာ မိမိဒေသအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သဖြင့် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း လူမှုအဖွဲ့အစည်းများက ဆိုသည်။

ရမ်းဗြဲမြို့နယ်တွင် သြဂုတ် ၁ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၈၁ ဦးနှင့် သေဆုံးသူ ၄ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2076532589165808

Leave a Reply

Your email address will not be published.