ရမ်းဗြဲတွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသည့် မြေနေရာအား ကန့်ကွက်မှုရှိသဖြင့် ဆောက်လုပ်မှုကိုယာယီရပ်နားထား

By Development Media Group (DMG)/ August 31

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ်(၆)ရပ်ကွက်တွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာအား ကန့်ကွက်သူရှိသဖြင့် ယနေ့သြဂုတ်လ ၃၁ ရက်နေ့တွင် စက်ရုံတည်ဆောက်မှုကို ယာယီရပ်နားလိုက်ကြောင်း သိရသည်။

ရမ်းဗြဲမြို့ ကိုဗစ်ကာကွယ်တားဆီးရေးအဖွဲ့မှ အဖွဲ့ဝင် ဦးထွန်းထွန်းဦးက “လောလောစဉ်တော့ ရပ်ထားတယ်ပေါ့။ အခုမှ ပိုင်ရှင်ဆိုပြီးတော့ပေါ်လာတယ်။ ကျွန်တော်သိတာလည်း facebook ကတစ်ဆင့်သိတာပါ။ ကန့်ကွက်တယ်ဆိုပေမဲ့လည်း ကျွန်တော်တို့ဆီကို ဘာမှမရောက်သေးပါဘူး။ ဌာနဆိုင်ရာတွေဆီ ရောက်ချင်လည်းရောက်မှာပေါ့” ဟု ပြောသည်။

ယင်းမြေနေရာသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းက အရေပေါ်လူနာတင်ယာဉ်များထားသည့်နေရာအဖြစ် သုံးစွဲခဲ့သည့်နေရာဖြစ်ကြောင်း ဦးထွန်းထွန်းဦးကဆိုသည်။
“ကျွန်တော်တို့က ပထမဦးဆုံး ရမ္မာဝတီလူမှုကူညီရေးအသင်းဆိုပြီးတော့ဖွဲ့တဲ့အခါမှာ အရေပေါ်လူနာတင်ယာဉ်နှစ်စီးနဲ့ အဲဒီနေရာမှာပဲ ယာယီရုံးဆိုပြီးတော့လုပ်ခဲ့တယ်။ ပြည်နယ်ဝန်ကြီးတစ်ယောက်ရဲ့နှုတ်အမိန့်နဲ့ ကျွန်တော်တို့လုပ်ခဲ့တယ်။ သူကိုယ်တိုင်ကလည်း လျော်ကြေးတွေပေးပြီးသား၊ အစိုးရစီမံပိုင်ခွင့်အောက်ကိုရောက်သွားပြီလို့လည်းပြောဖူးခဲ့ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း အသင်းမှတ်ပုံတင်တို့ဘာတို့လုပ်ပြီးတော့ အသင်းပိုင်မြေအဖြစ် ဂရမ်လျှောက်ပြီးတော့လုပ်မယ့်အစီအစဉ်လည်းရှိပါတယ်”ဟု ဦးထွန်းထွန်းဦးကပြောသည်။

သို့သော် ယင်းမြေနေရာမှာ ကမန်လူမျိုး ဦးဘစံပိုင်ဆိုင်သောမြေနေရာဖြစ်ပြီး ၂၀၁၂ ခုနှစ်အထိ နေအိမ်နှစ်လုံး တည်ဆောက်ပြီး သား၊သမီး၊ မြေး၊ မြစ်အထိ မျိုးရိုးစဉ်ဆက်နေထိုင်ခဲ့သောမြေနေရာဖြစ်ကြောင်း ဦးဘစံ၏မြေးဖြစ်သူ ဦးမြင့်လွင်ကပြောသည်။

အဆိုပါမြေနေရာ၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေသည့်ကိစ္စနှင့်ပတ်သက်ပြီး ဦးဘစံ၏မိသားစုဝင်များက သြဂုတ်လ ၂၈ ရက်နေ့စွဲဖြင့် ရခိုင်တပ်တော်(ULA/AA)အား Telegram မှတစ်ဆင့် တိုင်ကြားထားကြောင်းသိရသည်။

“တခြားနေရာတွေမှာတော့ မတိုင်ထားသေးဘူး။ နောက်ပြီးတော့ ပြည်နယ်မှာလည်း သူတို့အကုန်လုံး ရုံးတွေဘာတွေရှိတယ်။ AA ကိုတိုင်တာက လောလောဆယ် အစိုးရနဲ့လက်ရှိငြိမ်းချမ်းရေးယူထားတယ်။ သူတို့ကလည်းလိုအပ်တာတွေကို တိုင်ကြားနိုင်တယ်ဆိုတာကြောင့်ဖြစ်တယ်”ဟု ဦးမြင့်လွင်ကဆိုသည်။

လက်ရှိတွင် AA အနေဖြင့် တိုင်ကြားစာကို လက်ခံရရှိကြောင်းကို အကြောင်းပြန်ထားကြောင်းလည်း ဦးမြင့်လွင်ကဆိုသည်။

၂၀၁၂ ခုနှစ်တွင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့်ပြဿနာများကြောင့် နေအိမ်မီးလောင်သွားခဲ့ကာ မိသားစုဝင်အားလုံး ရန်ကုန်မြို့သို့ပြောင်းရွှေ့ခဲ့ရသည့်အတွက် အဆိုပါမြေကို မည်သူတစ်ဦးတစ်ယောက်ကိုမှ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်းများမရှိဘဲ ပြန်လည်နေထိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း AA သို့တိုင်ကြားသည့်စာတွင် ဖော်ပြထားသည်။

လက်ရှိ ရမ်းဗြဲမြို့တွင်တည်ဆောက်နေသည့် အောက်စီဂျင်စက်ရုံမှာ တစ်ရက်လျှင် ၄၀ လီတာအိုး အလုံး ၄၀ အထိ ထုတ်လုပ်နိုင်သည့်စက်ရုံအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2098156110336789

Leave a Reply

Your email address will not be published.