ရခိုင်ဝန်ကြီးဟောင်း ဦးကျော်လွင်ကို အဂတိမှုဖြင့်ရဲက ဖမ်းဆီး၊ ဝန်ကြီးဟောင်း ၄ ဦးကိုအမှုဖွင့်

By Development Media Group (DMG)/ August 12

ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးဟောင်း ဦးကျော်လွင်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးသွားကြောင်း သိရသည်။

ဦးကျော်လွင်ကို ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားပြီး မြို့နယ်တရားရုံးတွင် ရမန်နှစ်ပတ်ယူကာ ယနေ့သြဂုတ် ၁၂ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်က စစ်တွေသို့ပို့ဆောင်လိုက်သည်ဟု တရားရုံးသို့သွားရောက်ခဲ့သည့်အမည်မဖော်လိုသူမျက်မြင် ရပ်မိရပ်ဖတစ်ဦးက Western News ကိုပြောသည်။

.”ရမ်းဗြဲရဲက ဖမ်းပြီးတော့ မြို့နယ်တရားရုံးမှာ ရမန်နှစ်ပတ်ယူတယ်။ အဂတိလိုက်စားမှုနဲ့ အမှုဖွင့်တာဗျ။ ပြီးတော့ သူ့ကိုဒီနေ့ နေ့လည် ၁ နာရီကျော်လောက်က စစ်တွေရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်တယ်”ဟုပြောသည်။

ယင်းအပြင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ ​ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကိုလည်း အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ထားကြောင်း ခိုင်မာ​သောသတင်းရင်းမြစ်အရ သိရသည်။

ဦးကျော်လွင်အားဖမ်းဆီးသွားခြင်းမှာ ဟုတ်မှန်ပြီး မည်သည့်အတွက်ကြောင့်ဖမ်းဆီးသွားသည်ကိုမူ မသိရသေးဟု သားဖြစ်သူ ကိုတင့်ထူးလွင်က Western News ကိုအတည်ပြုပြောဆိုသည်။

“ကျနော်သိရတာကတော့ ရဲတွေကမေးမြန်းစရာရှိတယ်ဆိုပြီး ကျောက်ဖြူကိုခေါ်သွားတယ်လို့သိရတယ်။ ဘယ်ဟာနဲ့အမှုဖွင့်ထားတာတော့ ကျနော်မသိသေးဘူး။ ဖမ်းတာကတော့ ရမ်းဗြဲနေအိမ်ကနေဖမ်းဆီးသွားတာ”ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/348773010262543

Leave a Reply

Your email address will not be published.