By Narinjara/ 2021 August 7
သျှင်မင်းဇံ၊ သန္တာကျော်ဇော
ကိုဗစ်တတိယလှိုင်းကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည့် စစ်တွေမြို့ပေါ်က အနှေးယာဉ် သမားများနှင့်ဘေးတွဲဆိုင်ကယ်သမားများကို ရခိုင်လူငယ်/မောင်မယ်များ (ပရဟိတ) အသင်းက ယနေ့ ညနေက စားသောက်ကုန်ပစ္စည်း ၄မျိုးကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။
၎င်းအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးစံထွန်းမောင်က “ကိုဗစ်ကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတဲ့ အနှေးယာဉ်သမားတွေနဲ့ ဘေးတွဲသမားတွေကို ဆန်၊ ကြက်ဥ၊ ကြက်သွန်နီတွေနဲ့ Mask တွေကို ထောက်ပံ့ ပေးခဲ့တာပါ” ဟု နိရဉ္စရာသို့ ပြောသည်။
အဆိုပါထောက်ပံ့ပစ္စည်းများအား စစ်တွေမြို့ပေါ်ရှိ အနှေးယာဉ်သမားများနှင့် ဘေးတွဲဆိုင်ကယ်သမား စုစုပေါင်း (၂၅၀) ဦးတို့ကို ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဆန် ၂သိုက်(တစ်ပြည်)၊ ကြက်ဥ ၆ လုံး၊ ကြက်သွန်နီ တပိဿာ၊ နှာခေါင်းစည်း Mask ၅ ခုတို့ ဖြစ်ကြသည်။
ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် လမ်းသွားလမ်းလာများနည်းပါးပြီး စီးမယ့်သူ မရှိဖြစ်လာ၍ ဝင်ငွေနည်းပါးပြီး စားဝတ်နေရေးအခက်အခဲများကျနေချိန်တွင် ယခုလို ၀ိုင်းဝန်းထောက်ပံ့နေကြ၍ အထူးကျေးဇူးတင်ကြောင်း ထောက်ပံ့ပစ္စည်းရရှိသူ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်က အသက် (၆၈နှစ်) အရွယ် အနှေးယာဉ်မောင်းသူ ဦးလှမောင်ရွှေက ပြောသည်။
“တစ်မနက်လုံး မိုးစိုခံပြီး မောင်းနေတာ ပိုက်ဆံ ၁၅၀၀ လောက်ပဲရသေးပါတယ်။ ကိုဗစ်ကြောင့်လည်း လူသွားလူလာ နည်းသွားတော့ ပိုက်ဆံရှာရတာ မလွယ်ဘူးလေ။ အခုလို ထောက်ပံ့ပစ္စည်းတွေ ရတော့ ဝမ်းသာပါတယ်။ ဝိုင်းဝန်းကူညီလှူဒါန်းနေကြသူတွေကိုကျေးဇူးအထူးတင်ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။
ယခုကိုဗစ်တတိယလှိုင်းအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်နေကြသည့် ပြည်သူလူထုများကို အရပ်ဖက်အဖွဲ့အစည်းများက တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေသော်လည်း လက်ရှိ ရခိုင်ပြည်နယ် ကောင်စီက ထောက်ပံ့ပေးမှု တစ်စုံတစ်ရာ မရှိသေးကြောင်း လက်လုပ်လက်စားပြည်သူများက ပြောသည်။
ရခိုင်လူငယ်/မောင်မယ်များ (ပရဟိတ) အသင်းအနေဖြင့် အလှူရှင်များ၏ အလှူငွေများရလျှင် ထပ်မံ၍ စစ်တွေမြို့နယ်အတွင်း ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးဖို့ ပြင်ဆင်ထားကြောင်း ဦးစံထွန်းမောင်က ပြောဆိုသွားသည်။
https://www.facebook.com/narinjara.info/posts/4565430096802365