ရခိုင်ရှိ IDP Camp များမှ မူဆလင် ၂ သောင်းအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုး

By Narinjara/ 2021 August 28

မာန်ယုကျော် (ရွှေဝမြေ)

ဓာတ်ပုံ – သက္ကယ်ပြင် IDP Camp မှ မူဆလင်များ ယနေ့ ကိုဗစ်ကာကွယ်ဆေးထိုးရန်စောင့်ဆိုင်းနေကြစဉ်။

ရခိုင်ပြည်နယ်ရှိ IDP Camp များမှ မူဆလင် ၂ သောင်းကို ယနေ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနေပြီဟု သိရသည်။

အဆိုပါမူဆလင် Camp များအနက် စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် Camp ကို ယနေ့ သြဂုတ်လ ၂၈ ရက် နံနက်မှစတင်ကာ တရုတ်နိုင်ငံထုတ် Sinovac အမည်ရှိ ကိုဗစ်ကာကွယ်ဆေးများအား စတင်ထိုးပေးနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ကျနော်တို့က ဆေးအလုံးရေနဲ့ထိုးတာမဟုတ်ဘူး။ ဆေးရှိရင် ရှိသလောက်ထိုးမှာပေါ့။ လာထိုးတဲ့လူအပေါ်မူတည်ပြီးတော့ ထိုးမှာပေါ့နော်။”ဟု ပြောသည်။

အဆိုပါဆေးကို ၆၅ အထက်ရှိသူများနှင့် ၄၅ နှစ်မှ ၆၅ နှစ်ကြားရှိသူများကို ထိုးပေးနေခြင်းဖြစ်ပြီး အမျိုးသားများကို သက္ကယ်ပြင်အထကကျောင်းနှင့် အမျိုးသမီးများကို Camp အတွင်း ထိုးပေးနေခြင်းလည်းဖြစ်သည်။

သက္ကယ်ပြင် IDP Camp တာဝန်ခံ ဦးရွှေလှက “ကျနော်တို့သက္ကယ်ပြင်စခန်းကလူတွေကို ဒီနေ့စထိုးနေပါပြီ။ စခန်းနဲ့ သက္ကယ်ပြင် အထကကျောင်းမှာ ထိုးပေးနေတာပါ။”ဟု ပြောသည်။

နောက်နေ့များတွင်လည်း စစ်တွေမြို့နယ်ရှိ အခြား မူဆလင် IDP Camp များအပါအဝင် ပေါက်တောမြို့နယ်နှင့် အခြားမြို့နယ်များမှ IDP Camp များရှိ မူဆလင် စုစုပေါင်း (၂)သောင်းကိုလည်း ဆက်လက်ထိုးပေးသွားမည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ရခိုင်ရှိ IDPs (Internally Displaced Persons) Camp များမှ မူဆလင် ၂ သောင်းနှင့် စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်ဦးရေ ၃ သောင်းတို့အတွက် Sinovac ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၅ သောင်းကို သြဂုတ်လ ၂၅ ရက်တွင် ပြည်နယ်အစိုးရက ကျန်းမာရေးဝန်ကြီးဌာနထံမှ သီးသန့်ရရှိထားခြင်းဖြစ်သည်။

“စစ်ဘေးရှောင်စခန်းရှိတဲ့မြို့နယ်တိုင်း ထိုးမှာ။ လူဦးရေ ၃ သောင်း ထိုးမှာ။ ထိုးမဲ့ရက်အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ ပြင်ဆင်နေတုန်းပဲ။”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် အသက် ၆၅ နှစ်အထက်များကို ထိုးပေးရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ရခိုင်ပြည်တွင် IDPs စခန်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်နှင့် IDPs Camp များတွင် နေထိုင်ရသည့် မူဆလင်ဦးရေ နှစ်သိန်းကျော်အထိ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

ရခိုင်တွင် အိန္ဒိယနိုင်ငံထုတ် COVISHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစတင်ကာ ထိုးနှံပေးခဲ့သည်။ Sinopharm ကိုလည်း ပြီးခဲ့သည့်မေလမှစတင်ကာ ယခုအချိန်ထိထိုးနှံနေခြင်းဖြစ်ပြီး Sinovac ကိုမူ ယခုမှစတင်ထိုးနှံနေခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4629454160399958

Leave a Reply

Your email address will not be published.