ရခိုင်ရှိ IDP ဦးရေ ၂ သောင်းနှင့် စစ်ဘေးရှောင် ၃ သောင်းအတွက် Sinovac ကိုဗစ်ကာကွယ်ဆေး အလုံး ၅ သောင်း သီးသန့်ရရှိထား

By Narinjara/ 2021 August 26

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ်အတွင်းရှိ IDP Camp နှင့် စစ်ဘေးရှောင်များအတွက် Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေး အလုံး ၅ သောင်းကို သီးသန့်ရရှိထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယခုရရှိထားသည့် Sinovac ကိုဗစ်ကာကွယ်ဆေးများသည် IDPs (Internally displaced persons) ဦးရေ ၂ သောင်းနှင့် စစ်ဘေးရှောင်ဦးရေ ၃ သောင်းအတွက် ထိုးနှံရန်လျာထားထားသည်ဟုလည်း ပြည်နယ်အစိုးရအဖွဲ့၏သတင်းထုတ်ပြန်ရေးစာမျက်နှာတွင် ယမန်နေ့ညက ဖော်ပြထားသည်။

“IDP camps နှင့် တိုက်ပွဲရှောင်စခန်းများအတွက် ပြည်ထောင်စုက ကာကွယ်ဆေး ဆိုင်နိုဗက် ၅၀,၀၀၀ သီးခြားပေးသည်။ တိုက်ပွဲရှောင် ၃၀,၀၀၀ နှင့် IDPs၂၀,၀၀၀ ထိုးရန်လျာထားပါကြောင်း သတင်းကောင်းပါးပါသည်။”ဟု အဆိုပါစာမျက်နှာတွင် ရေးသားထားသည်။

Sinovac ဆေးအလုံးရေ ၅ သောင်းနှင့်အတူ လက်ရှိရခိုင်တွင်ထိုးနှံနေဆဲဖြစ်သည့် Sinopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးပုလင်း ၂,၄ဝဝ တို့သည် ယမန်နေ့ သြဂုတ်လ ၂၅ ရက်တွင် စစ်တွေသို့ရောက်ရှိနေပြီဟု ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်တို့ကို ဆက်သွယ်နေသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေးပါ။

Sinovac နှင့် Sinopharm တို့သည် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် အိန္ဒိယနိုင်ငံထုတ် COVISHIELD အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းမှစတင်ကာ ထိုးနှံပေးခဲ့သည်။ Sinopharm ကိုလည်း ပြီးခဲ့သည့်မေလမှစတင်ကာ ယခုအချိန်ထိထိုးနှံနေခြင်းဖြစ်ပြီး Sinovac ကိုမူ ယခုမှစတင်ထိုးနှံရန် ကျန်းမာရေးဝန်ကြီးဌာနက ပေးပို့လိုက်ခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4623491617662879

Leave a Reply

Your email address will not be published.