ရခိုင်ရှိ IDP မူဆလင်စခန်းများအား WFP က ရိက္ခာပြန်ပေး

By Narinjara/ 2021 August 28

မာန်ယုကျော် (ရွှေဝမြေ)

ဓာတ်ပုံ – စစ်တွေမြို့နယ် ဒါးပိုင် IDP စခန်းရှိ မူဆလင်အချို့အား သြဂုတ်လ ၂၆ ရက်က တွေ့ရစဉ်။

ရခိုင်ပြည်နယ်အတွင်းရှိ IDP မူဆလင်စခန်းများအား ကမ႓ာ့စားနပ်ရိက္ခာအဖွဲ့ (WFP – World Food Program) က စားနပ်ရိက္ခာများ ပြန်ပေးနေပြီဟု သိရသည်။

သြဂုတ်လ ၂၆ ရက်မှစတင်ကာ အိမ်ထောင်စုတစ်စုလျှင် တစ်နေ့စာ ကျပ် ၅ဝဝ နှုန်းဖြင့် တစ်လစာ ၁ သောင်းခွဲကို ပြန်လည်ပေးအပ်နေခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ်ရှိ ဒါးပိုင် IDP စခန်းတာဝန်ခံ ဦးသိန်းမောင်က နိရဥ္စရာကို ပြောသည်။

“လူတစ်ယောက်ကို တစ်ရက်မှာ ငါးရာနှုန်းနဲ့ တစ်လအတွက် ၁ သောင်းခွဲပဲ ထောက်ပံ့ပေးပါတယ်။ ပိုက်ဆံ ၅ဝဝ အပြင် ဘာမှမရဘူး။ ဆန်ရိက္ခာတွေ ရတာတော့မရှိပါ။”ဟု ပြောသည်။

WFP ၏ ယခုကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ခြင်းအစီအစဉ်သည် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ ရပ်နားနေခဲ့ခြင်းဖြစ်ပြီး ယခုမှ ပြန်လည်ပေးအပ်လာခြင်းဖြစ်သည်ဟု IDP မူဆလင်စခန်းများက ပြောသည်။

ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း IDP မူဆလင်စခန်းမှ ဒေါ်လှလှရွှေက “WFP က ဆန်တော့ပေးနေပါတယ်။ ကြာသပတေးနေ့က ပေးပါတယ်။ တစ်အိမ်ထောင်ကို ဆန် ၇ ပြည်လောက် (၁၃ သစ်နဲ့ ၂ ဘူး) ပေးပါတယ်။ တစ်လစာပါ။ ဆီနဲ့ဆား၊ ပဲအတွက် ပိုက်ဆံပေးပါတယ်၊ ၅ ထောင်စီပါ။ ဆန်နဲ့ ပိုက်ဆံ နှစ်ခုပဲရပါတယ်။ အခု ၈ လပိုင်အတွက်ပေးနေပါတယ်။”ဟု နိရဥ္စရာကိုပြောသည်။

လက်ရှိတွင် ရခိုင်ရှိ IDP စခန်းများအပါအဝင် ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့ရှိ စားနပ်ရိက္ခာ အခက်အခဲရှိသူ လူဦးရေ သုံးသိန်းခြောက်သောင်းကို လစဉ်ပေးနေကျ အထောက်အပံ့များ ပြန်ပေးနေပြီဟုလည်း WFP က ထုတ်ပြန်ထားသည်။

IDP မူဆလင်စခန်းများကို WFP က ၂ဝ၁၂ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းမှစတင်ကာ ယခုကဲ့သို့ ဆန်နှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟုလည်း သိရသည်။

ရခိုင်တွင် လက်ရှိအချိန်အထိ IDP မူဆလင်စခန်းများ၌ လူဦးရေ နှစ်သိန်းကျော်အထိ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC)၏ စာရင်းအရ သိရသည်။

https://www.facebook.com/narinjara.info/posts/4630018630343511

Leave a Reply

Your email address will not be published.