ရခိုင်ရှိ မွတ်ဆလင် IDP Camp များတွင် မနက်ဖြန် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည်

By Western News/ 2021 August 27

ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် IDP Camp များတွင်နေထိုင်သူများကို တရုတ်နိုင်ငံထုတ် Sinovac အမျိုးစား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးသွားမည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ပြောသည်။

တရုတ်နိုင်ငံထုတ် Sinovac အမျိုးစား ကိုဗစ်ကာကွယ်ဆေးသည် ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့ ရခိုင်သို့ ဆေးလုံးရေ ၂၅၀၀၀ ခန့် ရောက်ရှိနေကာ အဆိုပါဆေးများကို မနက်ဖြန်ဩဂုတ် ၂၇ ရက် တွင် ရခိုင်ရှိမွတ်ဆလင် IDP Camp များတွင် စတင်ထိုးနှံသွားဖြစ်မည်ဖြစ်သည်။

ရခိုင်ရှိပြည်သူများကို စုစုပေါင်း လူဦးရေ ၅၀၀၀၀ အား ကိုဗစ်ကာကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က Western News ကိုပြောသည်။

“ကိုဗစ်ဆေးက လူဦးရေ ၅၀၀၀၀ အတွက် ဆေးလုံးရေ ၂၅၀၀၀ ရထားပါတယ်။ ရခိုင်စစ်ဘေးရှောင် အတွက် လည်းပါတယ်။ မွတ်ဆလင် Camp တွေအတွက်လည်းပါတယ်။ မနက်ဖြန် မွတ်ဆလင် Camp ကိုစပြီး ထိုးသွားမယ်။ အသက် ၄၅ ကနေ ၆၅ နှစ် ပြီးတော့ ၆၅ နှစ်အထက် အရွယ်တွေကို ဦးစားပေးထိုးပေးမယ်” ဟုသူကပြောသည်။

ရောက်ရှိနေသောဆေးများကို ရခိုင်စစ်ဘေးရှောင်များအတွက် ဆေးလုံးရေမည်မျှနှင့် မွတ်ဆလင် Camp များအတွက် ဆေးလုံးရေ မည်မျှ ခွဲဝေထားသည်ကို မသိရသေးကြောင်း ဒေါက်တာစိုးဝင်းပိုင်းက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် အိန္ဒိယနိုင်ငံထုတ် (VACCINE) ကိုဗစ်ကာကွယ်ဆေးအား လူဦးရေ တစ်သိန်းနှစ်သောင်းကျော်၊ တရုတ်နိုင်ငံထုတ် (Sinopharm) ကိုဗစ်ကာကွယ်ဆေးအား လူဦးရေ ကိုးသောင်းခွဲ စသည်ဖြင့်အသီးသီး ထိုးနှံပေးခဲ့ပြီး ဆေးများကို ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများနှင့် အသက် ၆၅ နှစ်အထက် ရှိသူများကို ဦးစားပေးထိုးနှံ့ပေးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/358589189280925

Leave a Reply

Your email address will not be published.