ရခိုင်မှ ပြည်မသို့ ဂဏန်းတင်ပို့သည့်လုပ်ငန်းများ လျော့နည်းလာ

By Development Media Group (DMG)/ August 21

ရခိုင်ပြည်နယ်အတွင်းမှ ပြည်မနှင့် တရုတ်နိုင်ငံကို ဂဏန်းအဓိကတင်ပို့နေသည့်လုပ်ငန်းရှင်များမှာ လက်ရှိ Covid-19 ကြောင့် လုပ်ငန်းကိုယာယီရပ်နားထားလိုက်ရပြီး တစ်ချို့မှာ လုပ်ငန်းမပျက်သွားရန်အတွက် အနည်းငယ်လုပ်ကိုင်ခြင်းများသာရှိသည်ဟု ဂဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။

ဂဏန်းလုပ်ငန်းရှင်များမှာ ဂဏန်းကို စစ်တွေမှ ရန်ကုန်ပို့ဆောင်လျှက်ရှိပြီး ရန်ကုန်မှတစ်ဆင့် တရုတ်နိုင်ငံကိုပို့ဆောင်ရာတွင် လေယာဉ်အခက်အခဲရှိနေပြီး ကုန်ကျစရိတ်မှာလည်း များပြားသည့်အတွက် ဂဏန်းလုပ်ငန်းရှင်များ လျော့နည်းသွားရခြင်းဖြစ်သည်ဟု စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားအနီး ဖွင့်လှစ်ထားသည့် KM ဂဏန်းဒိုင်ပိုင်ရှင် ကိုစိုးဝင်းကပြောသည်။

“ဂဏန်းဒိုင်တွေအားလုံးက လေယာဉ်နဲ့ပို့တဲ့သူပို့၊ မပို့နိုင်တဲ့သူတွေက ရန်ကုန်မှာရောင်းတာတွေရှိတယ်။ ရန်ကုန်မှာလည်း ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြောင့် မဝယ်တဲ့ဒိုင်တွေလည်းရှိတယ်။ အားလုံးယာယီနားကြတဲ့သဘောဖြစ်ပါတယ်။ အလုပ်တွေကလည်း မလည်ပတ်နိုင်ကြဘူး။ လုပ်နေတဲ့သူတွေမှာလည်း လမ်းကြောင်းရှာလို့မရ အဲဒီလို့ပုံစံမျိုးဖြစ်နေကြပါတယ်” ဟု ကိုစိုးဝင်းပြောသည်။

ဂဏန်းများကိုပို့ဆောင်ရာတွင် တရုတ်-မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကို အဓိကအားထား၍ ပို့ဆောင်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ကိုဗစ်ဒုယတိလှိုင်းမှစတင်ကာ အဆိုပါကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားခဲ့ရာ လက်ရှိကိုဗစ်တတိလှိုင်းတွင်လည်း ပိတ်ထားသည့်အတွက် ဂဏန်းဒိုင်များမှာ လမ်းပန်းဆက်သွယ်အခက်အခဲရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။

ဂဏန်းများကို ကားလမ်းကပို့ဆောင်ရာတွင် ကုန်သွယ်ရေးပိတ်ထားသည့်အတွက် အဆင်မပြေမှုများရှိခဲ့ပြီး လက်ရှိလေယာဉ်နှင့်တင်ပို့ရာတွင် ကုန်ကျစရိတ်များသည့်အတွက်လည်း အဆင်မပြေမှုများရှိနေသည်ဟု ကွမ်းတောင်ကျေးရွာမှ ဂဏန်းဒိုင်လုပ်ကိုင်နေသည့် ဦးလှမောင်ကပြောသည်။

“ကျနော်တို့ဒိုင်က လည်တော့လည်ပတ်နေတာရှိပါတယ်။ ဒါပေမဲ့ကားလမ်းကြောင်းတွေက အဆင်မပြေဘူး။ လေယာဉ်နဲ့ပို့ရတော့ ဈေးနှုန်းတွေ ကုန်ကျစရိတ်တွေကအလွန်များပြားတယ်။ လက်ရှိကိုဗစ်တတိယလှိုင်းမှာတော့ ရက်တချို့လောက်ရပ်နားလိုက်ရတယ်” ဟု ဦးလှမောင်ကပြောသည်။

ယင်းအပြင် ဂဏန်းလုပ်ငန်းကိုလုပ်ကိုင်နေသည့် AF ဂဏန်းဒိုင်မှာလည်း လက်ရှိဖြစ်ပွားနေသည့် Covid-19၊ နိုင်ငံရေးအခြေအနေမငြိမ်သက်မှုများကြောင့် ကုန်သွယ်လမ်းအခက်အခဲရှိနေသည့်အတွက် ဂဏန်းဒိုင်ကို ယာယီပိတ်ထားရသည်ဟု AF ဂဏန်းဒိုင်၏ တာဝန်ခံထံမှ သိရသည်။  

“ကျနော်တို့မှာ ဂဏန်းဒိုင်ပိတ်ထားတာက ဒီလနဲ့ဆိုရင် သုံးလလောက်ရှိပြီ။ ကိုဗစ်ရောဂါကိစ္စတွေ၊ နိုင်ငံရေးအခြေအနေတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတာကြောင့်ပါ။ ကျနော်တို့က လေယာဉ်နဲ့မတင်ဘူးဆိုတော့ ကုန်သွယ်မဲ့လမ်းကမရှိတော့ဘူး”ဟု ကိုကျော်သီဟပြောသည်။

ယခုလိုဂဏန်းလုပ်ငန်းကိုရပ်နားထားလိုက်သည့်အတွက် အလုပ်သမားများမှာ မလုပ်မရှိတော့ပဲ လစာမရခြင်းများရှိကာ အလုပ်မှထွက်သွားသူလည်းများစွာရှိသည်ဟု ကိုကျော်သီဟကဆက်ပြောသည်။

လက်ရှိအချိန်တွင် မိုးတွင်းကာလဖြစ်၍ ဂဏန်းများမှာပိုမိုရရှိပြီး ဂဏန်းတင်ပို့ရောင်းချမှု အများဆုံးအချိန်တစ်ခုဖြစ်ရာ ယခုလိုကုန်သွယ်ရေးလမ်းပိတ်ထားသည်အတွက် ဂဏန်းလုပ်ငန်းများတစ်ခုတည်းမဟုတ်ဘဲ ဂဏန်းရှာဖွေလုပ်ကိုင်စားသောက်သူများမှာလည်း အခက်အခဲရှိနေကြသည်ဟု သိရသည်။

လက်ရှိဂဏန်းဈေးနှုန်းများမှာ ပြီးခဲ့သည့်လများက ဂဏန်းတစ်ကီလိုလျှင် ၆၀၀၀ ကျပ်အထိရှိခဲ့သော်လည်း လက်ရှိတွင် တစ်ကီလိုကို ၃၀၀၀ ထောင်ကျပ်သာရရှိသည်ဟုလည်း ဂဏန်းလုပ်ငန်းရှင်များက ပြောသည်။

https://www.facebook.com/dmgnewsagency/posts/2090397041112696

Leave a Reply

Your email address will not be published.