By RFA/ 2021 June 1
■ ရခိုင်ပြည်နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၁ ရက် မနေ့ကအထိ အချိန် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိနေတယ်လို့ ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဒီနေ့ သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်မှာဖော်ပထားပါတယ်။
မနေ့ကသေဆုံးသူတွေဟာ စစ်တွေ ခုနစ်ဦး၊ သံတွဲ နှစ်ဦး၊ တောင်ကုတ် သုံးဦး၊ ကျောက်တော် သုံးဦး၊ ဂွ တစ်ဦး၊ ကျောက်ဖြူ နှစ်ဦးနဲ့ အမ်းမြို့နယ်မှာ သုံးဦးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၇ မြို့နယ်မှာ ဇူလိုင်လ ၃၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉၃ ဦးအထိရှိခဲ့ရာကနေ တစ်ရက်တည်း သေဆုံးသူ ၂၁ ဦးထပ်တိုးလာတာကြောင့် မနေ့ကအထိ နောက်ဆုံး စာရင်းအရ သေဆုံးသူပေါင်း ၂၁၄ ဦးအထိ ရှိလာတာလည်းဖြစ်ပါတယ်။
မနေ့က အချိန် ၂၄ နာရီအတွင်း ထပ်တိုးပိုးတွေ့သူ ၇၉ ဦးရှိခဲ့တာကြောင့် ပြည်နယ်တစ်ဝန်း ပိုးတွေ့သူ စုစုပေါင်း ၂၈၈၇ ဦးရှိပြီး အဲဒီအထဲက ၈၄၁ ဦးဟာ သက်ဆိုင်ရာမြို့နယ်ဆေးရုံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရဆဲဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်စည်းကမ်းတွေကို တိတိကျကျလိုက်နာကြဖို့ သက်ဆိုင်ရာက နေ့စဉ်ဆော်သြနေပေမယ့် စည်းကမ်းလိုက်နာမှု အားနည်းနေဆဲပဲလို့ ကိုဗစ်အခြေအနေကိုလေ့လာစောင့်ကြည့်နေတဲ့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာဆိုရင် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မနေ့ကည ၈ နာရီအထိ အချိန် ၂၄ နာရီအတွင်း အတည်ပြုလူနာ ၃၄၈၀ ဦးရှိခဲ့တာကြောင့် ပိုးတွေ့သူအရေအတွက်ပေါင်းဟာ ၃၀၂၆၆၅ ဦးအထိ ရှိသွားပါပြီ။
ကိုဗစ်ကြောင့် ၂၄ နာရီအတွင် းထပ်မံသေဆုံးသူကလည်း ၃၇၉ ဦးရှိခဲ့တာကြောင့် နိုင်ငံတစ်ဝန်းသေဆုံးသူပေါင်း ၉၇၃၁ ဦးရှိနေပြီဖြစ်ပါတယ်။
ဒါပေမဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဓာတ်ခွဲစမ်းသပ်မှုစနစ်ထဲကို ရောက်မလာဘဲ အပြင်မှာ ကိုဗစ်လက္ခဏာတွေနဲ့ သေဆုံးသူတွေ အများအပြားရှိတာကြောင့် ကိုဗစ်ကြောင့် အမှန်တကယ်သေဆုံးသူ အရေအတွက်ဟာ အဆပေါင်းများစွာပိုနိုင်တယ်လို့ ကိုဗစ်လူနာတွေကို အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။