ရခိုင်မှာ အကြမ်းဖက်ဥပဒေနဲ့ စွဲဆိုထားတဲ့ အမှု ၁၄ မှုကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေ

By RFA/ 2021 August 31

■ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေထဲက လူ ၃၅ ဦးကို စွဲဆိုထားတဲ့အမှု ၁၄ မှုကို ဆက်လက်ရုပ်သိမ်းပေးဖို့အတွက် သက်ဆိုင်ရာ တရားရုံးတွေကို အကြောင်းကြားထားကြောင်း စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရက မနေ့က ထုတ်ပြန် ပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀ (က) (ခ) (ဈ)၊ ၅၂ (က) စတဲ့ပုဒ်မတွေနဲ့ စွဲဆိုထားတဲ့ ကျောက်တော်မြို့နယ်က ခြောက်မှု၊ ပုဏ္ဏားကျွန်းမြို့နယ်က တစ်မှု၊ ရသေ့တောင်မြို့နယ်က တစ်မှု၊ မင်းပြားမြို့နယ်က တစ်မှု၊ စစ်တွေမြို့နယ်က နှစ်မှု၊ အမ်းမြို့နယ်က တစ်မှု၊ ကျောက်ဖြူမြို့နယ်က နှစ်မှု၊ စုစုပေါင်း ၁၄ မှုကို ရုပ်သိမ်းပေးဖို့အတွက် သြဂုတ်လ ၂၃ ရက်နေ့က အကြောင်းကြားထားကြောင်း စစ်ကောင်စီ ရခိုင်ပြည်နယ်အစိုးရက မနေ့က သတင်းထုတ်ပြန်ထားတာပါ။

ငြိမ်းချမ်းရေးကိုရှေးရှုပြီးတော့ အထက်ညွှန်ကြားချက်တွေအရ ဒီအမှုတွေကို ဥပဒေနဲ့အညီ ရုပ်သိမ်းနိုင်ရေး ဆောင်ရွက်နေတာလို့လည်း ဆိုပါတယ်။

အမှုတွေကို ရုပ်သိမ်းဖို့အတွက် တပ်မတော်ဘက်က တရားဝင် အကြောင်းကြားထားတာလို့လည်း ပြောပါတယ်။

ဒီအမှုတွေဟာ တရားမစွဲတင်ခင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူခဲ့ရတဲ့အမှုတွေဖြစ်တဲ့အတွက် အခုအမှုရုပ်သိမ်းတဲ့အခါမှာလည်း လုပ်ထုံးလုပ်နည်းအတိုင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့ သဘောတူညီချက်ကိုရယူဖို့ ဆောင်ရွက်ထားကြောင်းနဲ့ ခွင့်ပြုမိန့်တွေရတာနဲ့ တပြိုင်နက် ဥပဒေနဲ့အညီ ရုပ်သိမ်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွာဖို့ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပတ်သက်ပြီး အကြမ်းမှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲဆိုထားတဲ့အမှုတွေကို ပြန်ရုပ်သိမ်းတာဟာ အခုဆိုရင် တတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကတော့ အခုစစ်ကောင်စီနဲ့ ယာယီအပစ်အခတ်ရပ်စဲထားတာကလွဲလို့ တစ်စုံတစ်ရာ နိုင်ငံရေးအရ အပေးအယူ၊ ကတိကဝတ် စာချုပ်စာတမ်းတွေ ဒီနေ့အထိ မရှိသေးကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို အပြန်အလှန်လွှတ်ပေးတာက အွန်လိုင်းစနစ်နဲ့ အလွတ်သဘော အပြန်အလှန်ဆွေးနွေးကြရာမှာ ဥပဒေကြောင်းအရ မခိုင်လုံဘဲ ထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးမယ်ဆိုရင် အခုယုံကြည်မှုတည်ဆောက်ဆဲကာလမှာ အလားအလာတွေ ပိုကောင်းနိုင်ကြောင်းပြောလို့ နားလည်မှုနဲ့ လွှတ်ပေးခြင်းသာဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့က ပြောဆိုထားပါတယ်။

https://www.facebook.com/rfaburmese/posts/10161333216818128

Leave a Reply

Your email address will not be published.