By RFA/ 2021 August 13
ရခိုင်ပြည်နယ်အတွင်းမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူမှု အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးရေး ခရီးစဉ်တွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က သြဂုတ်လ ၅ ရက်နေ့က တင်းကျပ် ကန့်သတ်လိုက်တာပါ။
အဲဒီလို ကန့်သတ်တဲ့စာကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုယ်စား အတွင်းရေးမှူး စိုင်းသော်ဝင်းက လက်မှတ် ထိုးပြီး သြဂုတ်လ ၇ ရက်နေ့မှာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ပေးပို့ခဲ့ပါတယ်။
RFA က ရရှိထားတဲ့ အဲဒီအကြောင်းကြားစာထဲမှာ UN၊ INGO၊ NGO အဖွဲ့တွေအနေနဲ့ နယ်မြေခံ လုံခြုံရေး အဖွဲ့အစည်းတွေရဲ့ စစ်ဆေးရေးဂိတ်တွေမှာ မပျက်မကွက် စစ်ဆေးမှုတွေခံယူဖို့နဲ့ ခရီးမသွားလာခင်မှာ ခရီးစဉ် တစ်ခုစီအလိုက် အကြောင်းအရာ၊ ယာဉ်မောင်းအမည်၊ ယာဉ်အမျိုးအစား၊ ယာဉ်ပေါ်မှာပါမယ့် လူဦးရေနဲ့ ကုန်ပစ္စည်းတွေ စတဲ့ အသေးစိတ်စာရင်းတွေကို တိုင်းစစ်ဌာနချုပ်ကို ကြိုတင် အသိပေး အကြောင်းကြားရမယ်လို့ ရေးသားထားပါတယ်။
လုပ်ငန်းတွေဆောင်ရွက်ဖို့ ခွင့်ပြုချက်လျှောက်ရာမှာလည်း အနည်းဆုံး အချိန်နှစ်ပတ် ကြိုတင် တင်ပြ တောင်းခံဖို့နဲ့ အထူး အလေးထားလိုက်နာကြဖို့လည်း အဲဒီ အကြောင်းကြားစာထဲမှာ ဖော်ပြထားပါတယ်။
အခုလို တင်းကျပ်ကန့်သတ်ခံလိုက်ရတဲ့နောက်ပိုင်း စစ်ဘေးဒုက္ခသည်တွေထံ ပေးအပ်မယ့် အကူအညီတွေဟာ စစ်ဆေးရေးဂိတ်တွေမှာ အထောက်အထားမပါလို့ဆိုပြီး တားဆီးခံရတာမျိုးတွေလည်း ကြုံနေရတယ်လို့ လူမှုအဖွဲ့အစည်းတစ်ခုက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကတော့ ဒီညွှန်ကြားချက်ကြောင့် လာမယ့် ရက်သတ္တပတ် တွေမှာ ကူညီဖို့စီစဉ်ထားတဲ့ စားနပ်ရိက္ခာ ဖြန့်ဝေပေးမှုတွေ နှောင့်နှေးကြန့်ကြာမယ်ဆိုတဲ့အကြောင်း သက်ဆိုင်ရာ ဒုက္ခသည်စခန်း ကော်မတီတာဝန်ရှိသူတွေကို အသိပေးထားတယ်လို့ RFA ကို အီးမေးလ်ကနေ တစ်ဆင့် မနေ့က အကြောင်းကြားခဲ့ပါတယ်။
ကူညီထောက်ပံ့မှုတွေ အမြန်ဆုံး ပြန်လည်ဆောင်ရွက်နိုင်ဖို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပြည်နယ် တာဝန်ရှိသူတွေနဲ့ လက်တလော ဆွေးနွေးနေတယ်လို့လည်း ICRC ကပြောပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း ICRC အဖွဲ့ကနေ အိမ်ထောင်စုတစ်ခုကို တစ်လမှာ ၅၀ ကီလို ဆန်တစ်အိတ်နှုန်းအပြင် ဆီ၊ ဆား၊ သကြား၊ ပဲ နဲ့ လောင်စာတွေကို လစဉ် ကူညီထောက်ပံ့ပေးနေတာပါ။
မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင် ICRC က ကူညီထောက်ပံ့ရိက္ခာတွေကို အဓိက မှီခိုနေရတာဖြစ်ပြီး အခုလို အစိုးရနေခွင့်ပြုချက်မရလို့ ရိက္ခာထောက်ပံ့ဖို့ မလာနိုင်ဘူးဆိုရင် ဒုက္ခသည်တွေ အတွက် အခက်အခဲဖြစ်သွားနိုင်တယ်လို့ စခန်းတာဝန်ခံ ဦးစိုးနိုင်က RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ကို ICRC က မနေ့က အကြောင်းကြားပါတယ်။ အစိုးရက ခွင့်ပြုမိန့် မရဘူးပေါ့။ အဲဒါကြောင့် ရိက္ခာပို့ဖို့ အဆင်ပြေမှာမဟုတ်ဘူး။ အဲဒီလို လာပြောပါတယ် ခင်ဗျ။ ကျွန်တော်တို့ အဓိက အားကိုးနေရတာက ICRC က ရိက္ခာကိုပဲ အားကိုးနေရတာ။ အခုလို သူတို့ ခွင့်ပြုမိန့်မရလို့ ထောက်ပံ့လို့ မရဘူးဆိုရင်တော့ ကျွန်တော်တို့ ဒုက္ခသည်စခန်းကတော့ တော်တော်လေးကို အခြေအနေဆိုးမယ့် အနေအထား ရှိပါတယ်”
အဲဒီတိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းမှာ မြောက်ဦးမြို့နယ်က ဘူးရွက်မညှိုး၊ လက္ကာ၊ ဘုရားကြီး စတဲ့ အနီးအနား ကျေးရွာတွေက အိမ်ထောင်စုပေါင်း ၈၇၅ စု၊ လူဦးရေ ၃၃၅၅ ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အစောပိုင်းကတည်းက ခိုလှုံနေတာဖြစ်ပါတယ်။
အစိုးရရဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနကလည်း လူတစ်ဦးကို တစ်နေ့ ဆန် နို့ဆီဘူး နှစ်လုံးနှုန်းနဲ့ လစဉ် ထောက်ပံ့ပေးတယ်လို့ တရားဝင်ပြောဆိုထားပေမယ့် အမှန်တကယ်မှာ သုံးလမှာ နှစ်ကြိမ်လောက်သာ ထောက်ပံ့ပေးလို့ ဒုက္ခသည်တွေဟာ ICRC အဖွဲ့ရဲ့ အကူအညီကို အဓိက အားထား နေကြရတာလို့လည်း ဦးစိုးနိုင်က ပြောပါတယ်။ အခုလို ထောက်ပံ့မှုတွေ မရလို့ရင် အခု ရက်သတ္တပတ် အတွင်းမှာပဲ ရိက္ခာ ပြတ်လပ်သွားမယ့်အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
အဲဒီလိုပဲ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်း ၁၂၀ ကျော်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေ ဟာလည်း အစိုးရကနေထောက်ပံ့တာအပြင် ICRC၊ WFP စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက်ပံ့တွေကို အဓိက မှီခိုနေကြရတာဖြစ်တဲ့အတွက် အခုလို ကန့်သတ်ခံရပြီးနောက် ဒုက္ခသည်တွေ အတွက် အခက်အခဲနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို စာရင်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ကပြောပါတယ်။
အခုလက်ရှိ ရခိုင်က စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေးအပြင် ကိုဗစ်ကပ်ဘေးကိုပါ ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်တာကြောင့် ဒီလိုကာလမှာ နိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီအထောက်အပံ့တွေ အများကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
“ဒီကာလမှာ ပံ့ပိုးကူညီတဲ့ အကူအညီတွေ ဘယ်လို မြန်မြန်ဆန်ဆန် ရောက်နိုင်မလဲ ဆိုတာကိုပဲ ဦးစားပေး စဉ်းစားသင့်တယ်ပေါ့နော်“
ဒါကြောင့် ပြည်နယ်အစိုးရအနေနဲ့ ဒီလိုအခြေအနေမှာ ဒုက္ခသည်စခန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီအထောက်ပံ့တွေ ဘယ်လို အမြန်ဆုံးရောက်နိုင်မလဲဆိုတာကိုသာ ဦးစားပေး စဉ်းစားသင့်တယ် လို့လည်း REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ထောက်ပြပါတယ်။
“မလိုလားအပ်ဘဲနဲ့ ကန့်သတ်ချက်တွေ အရမ်းများလို့ရှိရင် စစ်ဘေးဒုက္ခသည်တွေအတွက် ကူညီဖို့ လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေမှာလည်း စီမံခန့်ခွဲမှုတွေ အရမ်းများလာမယ်။ နောက်တစ်ခါ သူတို့ခက်ခဲလာလို့ရှိရင် သူတို့ပံ့ပိုးမှုတွေကလည်း လျှော့နည်းသွားမှာကို ကျွန်တော်တို့ တအားစိုးရိမ်တယ်။ အဲဒါကြောင့် ဒီဟာရဲ့အကျိုးဆက်က တော်တော်ကို ကြီးမားမယ်လို့ ထင်ပါတယ်။ အမှန်တကယ်က ဖြစ်သင့်တာက အခုလို ပြည်သူလူထုမှာ အရမ်းကို ဒုက္ခဖြစ်နေကြတယ်ပေါ့နော်။ အထူးသဖြင့် စစ်ဘေး ဒုက္ခသည်တွေမှာဆို အခက်အခဲ တွေ့နေကြတယ်။ ဒီကာလမှာ ပံ့ပိုးကူညီတဲ့ အကူအညီတွေ ဘယ်လို မြန်မြန်ဆန်ဆန် ရောက်နိုင်မလဲဆိုတာကိုပဲ ဦးစားပေး စဉ်းစားသင့်တယ်ပေါ့နော်”
ရခိုင်ပြည်နယ်အစိုးရကတော့ ဒီကန့်သတ်ချက်ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေ ကြောင့်လို့ တုံ့ပြန်ပါတယ်။
ဒီကန့်သတ်ချက်နဲ့ပတ်သက်လို့ ပြန်လည်ဆွေးနွေးဖို့ စီစဉ်နေတယ်လို့လည်း ပြည်နယ်အစိုးရပြောခွင့်ရသူ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
“အဲဒါကတော့ အဓိကက ကိုဗစ်ပေါ့နော်။ ထုတ်ပြန်ကတည်းက သူတို့ကို ကိုဗစ် စစ်မယ်။ ကိုဗစ် မရှိမှ သွားရမယ်ဆိုတဲ့သဘောတွေ ထုတ်ထားတယ်။ အခုတော့ ကိုဗစ်နည်းနည်းပါးသွားလို့ ဒီနေ့မှာ ICRC တို့၊ WFP တို့ အဲဒီအဖွဲ့ တွေကို နယ်လုံဝန်ကြီးနဲ့ ပို့ဆောင်ရေးဝန်ကြီး၊ နောက်ပြီး ဝန်ကြီး ဦးသန်းထွန်း တို့နဲ့ တွေ့ဖို့ရှိတယ်။ သူတို့နဲ့ တွေ့ပြီးတော့ တချို့ဟာတွေကိုလည်း ဖြေလျှော့ပေးဖို့ရှိတယ်”
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တင်ပြရမယ့်အချက်တွေထဲမှာ ဘယ်နှစ်ချက်လောက်ကို ဖြေလျှော့ပေးမလဲ ဆိုတာတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ရခိုင်ပြည်အတွင်းမှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစလို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာပါ။
အဲဒီစစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။
အခုလက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်စဲနေတာ အချိန် ကိုးလကျော်ရှိပေမယ့် နေအိမ်တွေ မီးလောင်သွားတာတွေ၊ မိုင်းအန္တရာယ်တွေ ကျေးရွာအနီးအနားတွေမှာ တပ်မတော်စခန်း ချထားတာ တွေကြောင့် ဒုက္ခသည်စခန်း အသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် ခြောက်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာ အသီးသီးမှာ ခိုလှုံနေကြသူ လေးသောင်းကျော်၊ စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ဟာ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ စာရင်းမှာ ဖော်ပြ ထားပါတယ်။
https://www.rfa.org/burmese/news/help-for-rakhine-08132021061148.html