ရခိုင်ပြည်နယ်တွင်းကအမှုအခင်းတွေကို တိုင်ကြားနိုင်ကြောင်း ULA/AA ထုတ်ပြန်

Mizzima / 2021 August 2

ရခိုင်ပြည်နယ်တွင်းက အမှုအခင်းတွေကိုတိုင်ကြားနိုင်ကြောင်း ULA/AA က ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာ အစရှိတဲ့အမှုအခင်းတွေအပြင် တရားဉပဒေအဆုံးအဖြတ်ခံယူရမယ့် အမှုအခင်းတွေအားလုံးကို ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ တရားရေးဌာနကိုတိုင်ကြားနိုင်တယ်လို့ ကြေညာလိုက်တာပါ။

တိုင်ကြားနိုင်တဲ့ email, telegram, vk အကောင့်တွေကိုလည်းဖော်ပြထားပြီး တိုင်တန်းသူဟာ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအပြည့်အစုံနဲ့ ဖုန်းနံပတ်ကိုလည်း အတိအကျဖော်ပြရမယ်လို့ ဆိုပါတယ်။

ထို့အပြင် အခင်းဖြစ်တဲ့ နေရာ၊ အချိန်၊ နေ့ရက်နဲ့ အဖြစ်အပျက်တိကျစွာဖော်ပြထားတဲ့ တိုင်ကြားစာကို ကျူးလွန်ခံရသူဖြစ်စေ၊ ဆွေမျိုး၊ မိသားစုဝင်တစ်ဦးကဖြစ်စေ၊ မျက်မြင်သက်သေကဖြစ်စေ တိုင်ကြားနိုင်ကြောင်း ULA/AA ကဆိုပါတယ်။

တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု အရေးယူဆောင်ရွက်မှု ဖြစ်စဉ်ပြီးမြောက်သည်အထိ တိုင်တန်းသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို မည်သူတစ်ဦး တစ်ယောက်မျှမသိအောင် ထိန်းသိမ်းကာကွယ်ပေးမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) အနေနဲ့  ထုတ်ပြန်ချက်မတိုင်ခင်ကတည်းက တချို့ကျေးရွာတွေမှာ မှုခင်းတိုင်ကြားချက်တွေရရှိဖူးသလို ဖြေရှင်းပေးခဲ့တာမျိုးလည်းရှိတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

http://www.mizzimaburmese.com/article/84217

https://www.facebook.com/MizzimaDaily/posts/4627132457321623

Leave a Reply

Your email address will not be published.