By Narinjara/ 2021 August 19
နိရဥ္စရာ၊ သြဂုတ် ၁၉ / ၂ဝ၂၁

ရခိုင်ပြည်နယ်အတွင်း Stay at Home ကိုယ့်အိမ်တွင် ကိုယ်နေထိုင်ရမည့်ကာလအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ရက်သတ္တပတ် (၁) ပတ် ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။
ရခိုင်တွင် COVID-19 ရောဂါပိုးကူးစက်မှုမှာ လုံးဝရပ်တန့်သွားခြင်းမျိုးမဟုတ်သေးဘဲ ရောဂါပိုးအသစ်တွေ့ရှိသူများမှာ ရခိုင်ပြည် မြို့နယ်အများစု၌ သြဂတ်(စ်)လ (၁၈) ရက်နေ့ ညနေအထိ ဆက်၍ ရှိနေဆဲဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်၊ ဩဂတ်(စ်)လ (၁၉) ရက်မှ ဩဂတ်(စ်)လ (၂၅)ရက်အထိ (၁) ပတ်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ULA အနေဖြင့် COVID-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ပျံ့နှံ့လွယ်ပြီး သေဆုံးလွယ်တတ်သောရောဂါအား ကြိုတင်ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အထောက်အကူပြုနိုင်ရေးအတွက် ရခိုင်ပြည်အတွင်း၌ Stay at Home (ကိုယ့်အိမ်အတွင်းကိုယ်နေထိုင်ခြင်း) အား နှစ်ပတ်စီ နှစ်ကြိမ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့နှုန်းနှင့် ကူးစက်ခံရသူအရေအတွက် သိသိသာသာ လျော့ဆင်းလာနေသည်ကို တွေ့ရှိနေရခြင်းမှာ အာရက္ခပြည်သူ ပြည်သားများမှ မလိုအပ်သည့် အသွားအလာများကို ဆင်ခြင်ပြီး ကိုယ့်အိမ်အတွင်းကိုယ် အတတ်နိုင်ဆုံးနေထိုင်သည့် အကျိုးရလဒ်ဖြစ်သည်ဟုလည်း ULA ၏ ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
https://www.facebook.com/narinjara.info/posts/4601468206531887