ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲထားသည့်အမှုအချို့ကို ရုပ်သိမ်းပေးရန်ဆောင်ရွက်နေဟုဆို

By Development Media Group (DMG)/ August 31

ဓါတ်ပုံ – အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများအားတွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှုအချို့ကို ရုပ်သိမ်းပေးရန် ဆောင်ရွက်နေကြောင်း ယနေ့သြဂုတ် ၃၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ကောင်စီ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယင်းသို့ အမှုအချို့ကိုရုပ်သိမ်းရန်အတွက် တပ်မတော်ဖက်မှ တရားဝင်အကြောင်းကြားထားကြောင်း၊ အမှုများမှာ တရားစွဲတင်ခြင်းမပြုမီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရယူခဲ့သည့်အမှုများဖြစ်၍ အမှုရုပ်သိမ်းရာတွင် လုပ်ထုံးလုပ်နည်းအတိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ သဘောတူညီချက်ကိုရယူရန် ဆောင်ရွက်ထားရှိကြောင်း၊ ခွင့်ပြုမိန့်ရသည်နှင့်တပြိုင်နက် ဥပဒေနှင့်အညီရုပ်သိမ်းနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်ဟုလည်း ဖော်ပြသည်။

အကြမ်းဖက်ပုဒ်မဖြင့် မြို့နယ်တရားရုံးများတွင်စွဲဆိုထားသည့် အမှုအချို့ကိုရုပ်သိမ်းပေးရန် သြဂုတ် ၂၃ ရက်နေ့က သက်ဆိုင်ရာကိုအကြောင်းကြားထားပြီး တပ်မတော်မှအကြီးအကဲများသည် အဆိုပါအမှုများကို ဥပဒေနှင့်အညီ ရုပ်သိမ်းနိုင်ရေးဆောင်ရွက်သွားရန် ညွှန်ကြားချက်အရ ငြိမ်းချမ်းရေးကိုရှေ့ရှု၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း ဦးလှသိန်း၏ လှုမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုအမှုရုပ်သိမ်းရန်ဆောင်ရွက်နေသည့်အထဲတွင် အကျုံးဝင်သည့်အမှုများမှာ တရားရုံးတွင်စစ်ဆေးစီရင်ဆောင်ရွက်နေဆဲ ဖြစ်သည့် ကျောက်တော်မြို့နယ်မှ ၆ မှု၊ ပုဏ္ဏားကျွန်းမှ ၁ မှု၊ ရသေ့တောင်မှ ၁ မှု၊ မင်းပြားမှ ၁ မှု၊ စစ်တွေမှ ၂ မှု၊ အမ်းမှ ၁ မှု၊ ကျောက်ဖြူမြို့နယ်မှ ၂ မှု၊ စုစုပေါင်းအမှု (၁၄)မှုတို့ဖြစ်ပြီး ယင်းအမှုများထဲတွင် စွပ်စွဲခံထားရသူ (၃၅)ဦးရှိကြောင်း သိရသည်။

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ အသက်(၂၅)နှစ်အရွယ် ကိုညီညီအောင်၏မိခင် ဒေါ်နီနီအေးက “ဒီတခေါက်ရုပ်သိမ်းပေးတာမှာ ပါမယ်လို့ထင်တယ်။ အမှုကလည်း (၂)နှစ်လောက်ရှိတော့မယ်။ ရုပ်သိမ်းပေးတာမှာ မပါခဲ့ရင်လည်း အပြစ်မရှိတဲ့သူတွေကို လွှတ်ပေးဖို့တောင်းဆိုချင်တယ်” ဟု ပြောသည်။

ကိုညီညီအောင်အပါအဝင် ကျောက်ဆိပ်ကျေးရွာသားများဖြစ်သည့် ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂)နှစ်တို့မှာ အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “AA ကိုလည်း အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်ပြီဖြစ်တယ်။ အခုစွဲဆိုထားတာက အကြမ်းဖက်နဲ့စွဲထားတဲ့အတွက် ဒီအကြမ်းဖက်နဲ့စွဲဆိုထားတဲ့အမှုတွေအားလုံးကို ဥပဒေသဘော တရားအရ ရုပ်သိမ်းပေးသင့်တယ်လို့မြင်တယ်”ဟု ပြောသည်။

ယခင်ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်း အဖြစ် ထုတ်ပြန်ကြေငြာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းအားပြန်လည်ရုပ်သိမ်းကြောင်း စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ထုတ်ပြန်ကြေငြာခဲ့သည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းမှ ပယ်ဖျက်ပြီးနောက် ရခိုင်ပြည်တွင် AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မတို့ဖြင့် တရားစွဲထားသည့်အမှုများထဲမှ ပြန်လည်ရုပ်သိမ်းပေးလာသည့် အမှုပေါင်း ၂၁ မှု ရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင် ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းအရ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှ အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆိုခံထားရသူများမှာ စစ်တွေအကျဉ်းထောင်တွင် ၆၄ ဦး၊ မြောက်ဦးတွင် ၄၇ ဦး၊ ကျောက်ဖြူတွင် ၇၆ ဦး၊ သံတွဲတွင် ၉ ဦးနှင့် ဘူးသီးတောင်အကျဉ်း ထောင်တွင် ၅ ဦး၊စု စုပေါင်း  (၂၀၁) ဦးတို့ရှိကြောင်း ရခိုင်အရပ်အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဖက်နားလည်မှုဖြင့် တိုက်ပွဲများရပ်တန့်နေသည်မှာ လက်ရှိတွင် ၁၀ လခန့်ကြာမြင့်နေပြီဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2098132230339177

Leave a Reply

Your email address will not be published.