By Western News/ 2021 August 25

ရခိုင်တွင် မြို့နယ်အလိုက် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများ၏ ဈေးနှုန်းများ ယခင်ဈေးနှုန်းထက် တစ်ဝက်ခန့်လျော့ကျလာသော်လည်း ဈေးနှုန်းများမှာ ပုံမှန်အခြေနေသို့ မရောက်ရှိသေးကြောင်း ကားလိုင်းပြေးဆွဲနေ သူများကပြောသည်။
ကိုဗစ်တတိယလှိုင်းကာလတွင်း မြို့နယ်အလိုက်လိုင်းကားဈေးနှုန်းများမှာ စစ်တွေမှ-မြောက်ဦးသို့ ခရီးသည် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်-စစ်တွေ-ကျောက်တော်သို့ တစ်ဦးလျှင် ၂၀၀၀၀ ကျပ်၊ စစ်တွေ-ပုဏ္ဏားကျွန်းသို့ တစ်ဦးလျှင် ၅၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။
ယခင်က ကားများတွင် ကိုဗစ်ကြောင့် ခရီးသည်အကန့်သတ်ဖြင့်သာတင်နေရ၍ ဈေးနှုန်းမြင်တင်ကောက်ခံနေရပြီးယခုလည်း စက်သုံးဆီဈေးနှုန်းများမြင့်တက်နေမှုကြောင့် ယခင်ဈေးနှုန်းထက်အနည်းငယ်မြှင့်ကောက်ခံနေရသေးဟု မြောက်ဦး-စစ်တွေ ပြေးဆွဲနေသည့် ကားသမား ကိုအောင်ချေက Western News ကိုပြောသည်။
“အရင်တုန်းကတော့ ကိုဗစ်နဲ့ခရီးသည်ကန့်သတ်လို့ခရီးသည်တွေတင်ရတော့ ဈေးပိုတောင်းရတာပေါ့။ အခုကတော့ ကျွန်တော်တို့ ၁၅၀၀၀ နဲ့ပြေးဆွဲနေပါတယ်။ ကိုဗစ်မဖြစ်ခင်ဈေးကတော့ တစ်သောင်းရှိတယ်၊ ရှစ်ထောင်ရှိတယ်။ လက်ရှိမှာက ဆီဈေးနှုန်းတွေလည်း မြင့်တက်နေသေးတယ် ခရီးသည်တွေကလည်း သွားလာတာတွေလည်း နည်းသေးတယ်။ အဲဒါကြောင့် ပုံမှန်တောင်းနေကျဈေးနှုန်းအတိုင်း ပြေးဆွဲဖို့ကခက်ခဲနေသေး တာပေါ့” ဟုသူက ပြောသည်။
ယနေ့ ဩဂုတ် ၂၅ ရက်စ၍ စစ်တွေမှ-မြောက်ဦးသို့ ခရီးသည် တစ်ဦးလျှင် ၁၀၀၀၀ ကျပ်မှ စစ်တွေ-ကျောက်တော် သို့ တစ်ဦးလျှင် ၈၀၀၀ စစ်တွေ-ပုဏ္ဏားကျွန်း သို့ တစ်ဦးလျှင် ၃၀၀၀ ကျပ် လျှော့ကျသွားခဲ့သည်။
ကိုဗစ်ကာလတွင်း ကားခများ ၃၀၀၀၀ ကျပ်အထိမြင့်တက်ခဲ့မှုကြောင့် ခရီးသွားလာရာတွင်အလွန်ကုန်ကျစရိတ်များခဲ့ပြီး ယခုကဲ့သို့လျော့ဆင်းသွားသည့်အတွက် ယခင်ထက်ပိုအဆင်ပြေသွားကြောင်း မြောက်ဦးဒေသခံ ကိုအေးစိုးက ပြောသည်။
“ကိုဗစ်ပြင်းထန်းနေတုန်းကဆိုရင် မြောက်ဦးကနေ စစ်တွေတစ်ခေါက်သွားရင် ကားခက ၃၀၀၀၀ လောက် အထိပေးရတယ်။ စစ်တွေတစ်ခေါက်သွားဖို့ဆို ကုန်ကျစရိတ်ကမလွယ်ဘူး။ အခု တစ်သောင်းခွဲ တစ်သောင်းကျပ်လောက်နဲ့ ပြန်ဆွဲနေကြပြီဆိုတော့ ခရီးသည်တွေအတွက်အများကြီကုန်ကျစရိတ်တွေ သက်သာ သွားတာပေါ့” ဟုသူကပြောသည်။
အဆိုပါ ကိုဗစ်ဖြစ်ပွားမှုမြင့်တက်ချိန်တွင် မြို့နယ်အလိုက်ပြေးဆွဲနေသည့် ရေကြောင်းလိုင်းများလည်းရပ်တန့်ထားရကာ ခရီးသည်များမှာ လိုင်းကားတစ်ခုတည်းဖြင့်သာ ခရီးသွားလာ၍ရခဲ့ပြီး လိုင်းကားဈေးနှုန်းများကိုလည်း ပုံမှန်ထက်အဆမတန်မြင့်တက်ကာ ပေးဆောင်ခဲ့ကြရသည်။
ကိုဗစ်ကြောင့်ရပ်နားထားသည့် ရွှေပြည်တန် အမြန်ရေယာဉ်မှာ ယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့မှစတင်၍ ပေါက်တော၊ မင်းပြား၊ မြောက်ဦးခရီးစဉ်များကို ပြန်လည်စတင်ပြေးဆွဲနေပြီဖြစ်ပြီး ကစ္ဆပနဒီ အမြန်ရေ ယာဉ်မှာလည်း ဩဂုတ် ၁၁ ရက်နေ့မှစတင်ကာ မြေပုံ၊ ကျောက်ဖြူမြို့များသို့ သောကြာနေ့တိုင်းပုံမှန်ပြေးဆွဲနေပြီ ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/357347636071747