ရခိုင်တွင် ဖြစ်ပွားသည့် မှုခင်းကိစ္စများကို ULA သို့ တိုင်ကြားနိုင်ကြောင်းကြေညာ

By Western News/ 2021 August 2

ရခိုင်ပြည်နယ်အတွင်းက မှုခင်းဖြစ်စဉ်အကြောင်းအရာများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ တရားရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့က ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်။

တိုင်ကြားရာတွင် မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများ အပါအဝင် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မှုခင်းများအားလုံးကိုတိုင်ကြားနိုင်ပြီး ULA တရားရေးဌာန၏ လိပ်စာများဖြစ်သည့် အီးမေးလ်၊ တယ်လီဂရမ်နှင့် VK လူမှုကွန်ရက်စာမျက်နှာများသို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်းရေးသားထားသည်။

ယင်းအပြင် တိုင်ကြားရာတွင် ကျူးလွန်ခံရသူကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ မျက်မြင်သက်သေတစ်ဦးဦးမှ ဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်များကိုပါ ဖော်ပြရမည်ဖြစ်ပြီး မှုခင်းဖြစ်ပွားသည့် နေရာ၊ အချိန်၊ နေ့ရက်နှင့် မှုခင်းဖြစ်ပွားပုံများကို ပြည့်စုံစွာဖော်ပြရမည်ဟု ထုတ်ပြန်သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA အနေဖြင့် ရခိုင်ပြည်အတွင်း နေထိုင်သူအားလုံးကို တရားမျှတမှုရရှိစေရန်ကြိုးပမ်းဆောင်ရွက်နေပြီး တိုင်ကြားသူများ၏ ကိုယ်ရေးအချက်အလက်များကို တိုင်ကြားမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှုပြီးမြောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်မျှမသိအောင် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဟုလည်း ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုထုတ်ပြန်ချက်မတိုင်ခင်ကတည်းက ရခိုင်ပြည်နယ်အတွင်းမှ မှုခင်းကိစ္စများကို ULA မှခန့်အပ်ထားသည့် တရားစီရင်ရေးအရာရှိများက တာဝန်ယူဖြေရှင်းပေးမှုများရှိသလို ဒဏ်ခတ်အရေးယူဆောင်ရွက်မှုများလည်းရှိနေသည်။

https://www.facebook.com/westernnewsagency/posts/342070994266078

Leave a Reply

Your email address will not be published.