ရခိုင်တွင် ပရဟိတအလှူငွေများကို လိမ်လည်မှု ရက်ဆက်ဖြစ်ပွားခဲ့သဖြင့် သတိထားကြရန် ငွေလိမ်လည်ခံရသူများပြော

By Development Media Group (DMG)/ August 25

ရခိုင်ပြည်နယ်အတွင်းက ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူများတွင် အလှူရှင်များထံမှ လှူဒါန်းထားသည့်အလှူငွေများကို လိမ်လည်ခံရသည့်ဖြစ်စဉ်များ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း လိမ်လည်ခံရသည့်ကာယကံရှင်များထံမှ သိရသည်။

သြဂုတ်လ ၂၁ ရက် နေ့လည် ၂ နာရီခန့်က သံတွဲမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် လှူဒါန်းထားသည့်အလှူငွေများထဲမှ ငွေကျပ်သိန်း ၅၀ လိမ်လည်ခံလိုက်ရကြောင်း သံတွဲမြို့ သိမ်ကုန်းဆရာတော် အရှင်တေဇိန္ဒက DMG ကိုမိန့်သည်။

အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေကျပ် ၁၀ သိန်းလှူဒါန်းလိုသည်ဆိုကာ KBZ Pay နံပါတ်နှင့်မှတ်ပုံတင်နံပါတ်တို့ကိုတောင်းယူခြင်း၊ KBZ Pay အကောင့်တွင်ဝင်ရောက်လာသည့် မက်ဆေ့(passward code)ကို တောင်းယူ၍ လိမ်လည်သွားခြင်းဖြစ်ကြောင်း ဆရာတော်ထံမှ သိရသည်။

ယင်းသို့လိမ်လည်ဆက်သွယ်လာသည်မှာ 09982853243 နံပါတ်ဖြစ်ပြီး မိနစ် ၂၀ အတွင်း ငွေကျပ်သိန်း ၅၀ ဆုံးရှုံးသွားခဲ့ကြောင်း ဆရာတော်အရှင်တေဇိန္ဒကမိန့်သည်။

“ထုတ်ယူသွားတဲ့နေရာတွေကိုစုံစမ်းကြည့်တော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်က ထုတ်သွားတယ်လို့သိရတယ်။ ဘုန်းဘုန်းတို့က အမှုဖွင့်ဖို့သွားတိုင်ပင်တဲ့အခါ ဖွင့်ထားလို့တော့ရမယ်။ဒါပေမဲ့တစ်နေရာမှတစ်နေရာ သွားလို့လာလို့အဆင်မပြေဘူးဆိုတော့ ဖုန်းနံပါတ်တွေကိုလည်း စစ်ဆေးရအုံးမယ်ဆိုတော့ သိပ်ပြီးတော့လည်း မျှော်လင့်ချက်မရှိတော့ဘူး။ အခုကပိုက်ဆံလည်း ထုတ်ယူသွားခဲ့ပြီဖြစ်တယ်”ဟု ဆရာတော်အရှင်တေဇိန္ဒက မိန့်သည်။

လိမ်လည်ခံရသည့်ငွေများမှာ သံတွဲမြို့နယ်အတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နိုင်ရန် အလှူရှင်များမှလှူဒါန်းထားသည့်အလှူငွေများဖြစ်သဖြင့် စက်ရုံတည်ဆောက်ရေးအပိုင်းတွင် နစ်နာမှုများရှိကြောင်း ဆရာတော်က ဆက်၍မိန့်ကြားသည်။

“အောက်ဆီဂျင် စက်ရုံတည်ဆောက်မဲ့အပိုင်းမှာ တော်တော်လေးနစ်နာသွားတာပေါ့။ သိန်း ၅၀ အတွက်ဆို ၅၀ အတွက်နစ်နာသွားတာပေါ့။ လုပ်ရကိုင်ရတွေကျပ်တည်းသွားတယ်။ ဒီမှာကမရှိမဲ့ရှိမဲ့ လုပ်ရတာဖြစ်တယ်။ တစ်စုံတစ်ယောက်ကြောင့် အများတွေဒုက္ခဖြစ်ကုန်ကြတာပေါ့”ဟု မိန့်သည်။

လက်ရှိတွင် ဆုံးရှုံးသွားသည့် ငွေကျပ်သိန်း ၅၀ အတွက် အလှူငွေ လှူဒါန်းသည့် ဒကာ၊ ဒကာမများကို နားလည်ခွင့်လွှတ်ကြရန်လည်း ဆရာတော်ကမိန့်ကြားသည်။

အလားတူ ရခိုင်ပြည်အတွင်း ပရဟိတလုပ်ငန်းများဆောင်ရွက်နေသည့် စာရေးဆရာဝေဟင်အောင်မှာလည်း သြဂုတ်လ ၂၂ ရက်နေ့က KBZ Pay မှတစ်ဆင့် အလှူငွေကျပ် ၈ သိန်း ၉ သောင်း လိမ်လည်ခံလိုက်ရကြောင်း ပြောသည်။

ပုဂံညောင်ဦးမှ ဆရာတော်တစ်ပါးဟုဆိုကာ အလှူငွေထည့်လို၍ KBZ Pay နံပါတ်အားတောင်းသွားပြီး ၁၀ မိနစ်အတွင်း ငွေများလိမ်လည်ခံလိုက်ရခြင်းဖြစ်သည်ဟု စာရေးဆရာဝေဟင်အောင်ကဆိုသည်။

“လှူဒါန်းမယ်ဆိုတော့ သူတို့က မှတ်ပုံတင်နံပါတ် တွေတောင်းတယ်။ မှတ်ပုံတင်ကတော့ ခါတိုင်းလိုလိုပေးနေတာပါ။ အဲဒီအချိန်ကတည်းက ဖုန်းထဲကို Message တွေဝင်လာတယ်။ ခါတိုင်းဆိုရင် Message တွေက အင်္ဂလိပ်လို့ပဲဝင်တယ်။ အဲဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာလိုဝင်တယ်။ ဝင်တော့အဲဒီနံပါတ်တွေကို လှမ်းပြီးတော့တောင်းတယ်။ ကိုယ့်မယုံကြည်လို့ အဲဒီဂဏန်းခြောက်လုံးကိုမပေးနိုင်ဘူးလို့ပြောတော့ သူက ဆရာတော်လေသံနဲ့ဟိန်းဟောက်တော့ သုံးလုံးကိုပေးလိုက်တာ ချက်ချင်းဆိုသလိုငွေလိမ်လည်ခြင်းခံရတာဖြစ်တယ်”ဟု စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

ရခိုင်ပြည်အတွင်း ပရဟိတလုပ်ကိုင်နေသည့် အဖွဲ့အစည်းများတွင်လည်း ယခုလိုမဖြစ်အောင် သတိထားသင့်ကြောင်း ဆရာဝေဟင်အောင်ကပြောသည်။
“အခုကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာဌာနတွေကို တိုင်ကြားထားတာတွေကတော့ မရှိသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လက်ရှိကာလမှာ တရားဥပဒေကလည်း ထင်သလောက်မဖြစ်သေးတဲ့အတွက်ဖြစ်တယ်” ဟု ဆရာဝေဟင်အောင်က ဆက်ပြောသည်။

မြန်မာနိုင်ငံ KBZ Pay က မိမိတွင်ရှိသည့် KBZ Pay အကောင့်ကို လုံခြုံအောင်ထားပြီး အသုံးပြုသူများအနေဖြင့် မိမိထံမှ SMS ကုဒ်များ (OPT)နှင့် PIN(လျှို့ဝှက်နံပါတ်)များအား ဖုန်း (သို့မဟုတ်) အွန်းလိုင်းမှတစ်ဆင့် မေးမြန်းတောင်းခံခြင်းပြုလုပ်ပါက မပေးကြရန်နှင့် မည်သူနှင့်မှ မျှဝေသုံးစွဲခြင်းမပြုရန် အထူးသတိထားရမည်ဟု KBZ Pay page က ဖော်ပြထားသည်။

အလားတူ ရမ်းဗြဲမြို့မှ အောက်ဆီဂျင်တည်ဆောက်နိုင်ရန် အလှူငွေကောက်ခံနေကြသည့် Covid-19 ကာကွယ်ရေးအရပ်စုပေါင်းပရဟိတအဖွဲ့တွင်လည်း KBZ ဘဏ်ဝန်ထမ်းဟုဆိုကာ KBZ Pay အကောင့်ကို update တင်ရန်အတွက်တောင်းလာ၍ သြဂုတ်လ ၁၇ ရက်နေ့ကလည်း ငွေကျပ် ၁ သိန်းခွဲလိမ်လည်ခြင်းခံလိုက်ရကြောင်း ပြောသည်။

“ဒီလောက်အခက်အခဲတွေဖြစ်နေကြတဲ့အချိန်မှာ ဒီလိုမျိုးလိမ်လည်မှုတွေများလာတော့ အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေအတွက် အနှောင့်အယှက်တော်တော်လေးဖြစ်ကြတယ်။ Digital Money ၊ Digital Banking ကိုသုံးနေကြတဲ့သူတွေမှာလည်း အဲတာနဲ့ပတ်သက်ပြီးတော့ ဗဟုသုတတွေကကြွယ်ကြွယ်ဝဝမရှိကြဘူး။ အဲဒါလည်းတစ်ခုပါတယ်။ နောက်ပြီးတော့ ဒီလိုမျိုးလိမ်လည်မှုတွေဖြစ်လာတော့ အလှူငွေကောက်ခံနေကြတဲ့သူတွေနဲ့ အလှူငွေလှူဒါန်းကြတဲ့သူတွေကြား တစ်ယောက်နဲ့တစ်ယောက်ကြား မယုံကြည်မှုတွေလည်းဖြစ်လာနိုင်တယ်။ ဒါကြောင့် ဒီကိစ္စကိုသတိထားပြီး ကိုင်တွယ်စေချင်တယ်”ဟု Covid-19 ကာကွယ်ရေးအရပ်စုပေါင်းပရဟိတအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသော်ဇင်ထွန်းကပြောသည်။

လက်ရှိရခိုင်ပြည်အတွင်းက ပရဟိတလုပ်ကိုင်ဆောင်ရွက်နေကြသည် အဖွဲ့အစည်းအများအပြားထံသို့ ဆရာတော်ဟုပြောကာ KBZ Pay အကောင့်များတောင်းခြင်း၊ မှတ်ပုံတင်နံပါတ်များတောင်းခြင်းရှိသည်ဟုလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2093444854141248

Leave a Reply

Your email address will not be published.