By Western News/ 2021 August 20
တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးကို ရခိုင်ပြည်နယ်တွင် လူဦးရေ ကိုးသောင်းခွဲအား ထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးများထပ်ထိုးနှံပေးရန်လည်းရှိသေးသည်ဟု ရခိုင်ပြည်နယ်ကျန်းမားရေးဦးစီးဌာနမှ သိရသည်။
ယခုကာကွယ်ဆေးထိုးနှံမှုတွင် အုပ်စု ၁၂ စုသတ်မှတ်ထားခဲ့သော်လည်း ၅ စုခန့်သာထိုးနှံနိုင်ခဲ့ကြောင်း ၎င်းတို့ အထဲတွင် သက်ကြီးရွယ်အိုများ၊ စေတနာ့ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးခဲ့ကြောင်း ပြည်နယ်ပြည်သူကျန်းမာရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင် က Western News ကိုပြောသည်။
“တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinopharm က လူဦးရေ ကိုးသောင်းခွဲစာ ခွဲတမ်းရခဲ့တယ်။ အဓိကဦးစားပေထိုးနှံခဲ့တာကတော့ အသက် ၆၅ နှစ်ကျော်သက်ကြီးအိုရွယ်တွေ၊ အစိုးရဝန်ထမ်းတွေ၊ Volunteer သမားတွေ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေ၊ ဈေးဆိုင်သည်တွေနဲ့ သက်ကြီးသံဃာတော်တွေကို အဓိက ထိုးပေးခဲ့တယ်။ ကာကွယ်ဆေးထိုးဖို့ကို အစက အုပ်စု ၁၂ စုသတ်မှတ်ထားတာ။ ဒါပေမယ့် ရထားတဲ့ဆေးကနည်း တော့ အုပ်စု ၅ စုလောက်ပဲဦးစားပေးထိုးနိုင်ခဲ့တယ်” ဟုပြောသည်။
ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အစီစဉ်မှာ နောက် ၂ နှစ်လောက်ထိဆက်ရှိနေမည်ဖြစ်ပြီး နောက်ထပ်ကာကွယ်ဆေးများဝယ်ယူနေကြောင်း ခွဲတမ်းထပ်ရလျှင် ဦးစားပေးအုပ်စုများခွဲကာ ထပ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ယခင်အထမအကြိမ်တွင် အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာတွယ်ဆေး (VACCINE) ကို လူဦးရေ ၁၂၀၀၀၀ ကျော်ခန့်ထိုးနှံနိုင်ခဲ့ကြောင်း ပြည်နယ်ကျန်းမားရေးဦးစီးဌာန၏ အချက်လက်များအရသိရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်ကူးစက်မှုလျော့နည်းသွားသော်လည်း ကူးစက်မှုလုံးဝရပ်တန့်သွားသည့် အခြေနေမဟုတ်သည့်အတွက် Stay at Home ကာလကို နောက်ထပ်တစ်ပတ် ထပ်တိုးသတ်မှတ်ကြောင်း ULA/AA မှ ယနေ့ ဩဂုတ် ၁၉ ရက်နံနက်ပိုင်း၌ ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်း၌ ဩဂုတ် ၁၇ ရက်ထိ ကိုဗစ်အတည်ပြုလူနာ ၃၆၆၂ ဦး၊ သေဆုံးလူနာ ၃၄၄ ဦးနှင့် ကုသဆဲလူနာ ၄၃၇ ရှိပြီး ပြန်လည်ကောင်းမွန်လာသူ ၂၈၈၁ ဦး ရှိပြီဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/353862596420251