ရခိုင်တွင် တရားစီရင်ရေးကိစ္စရပ်များကို ULA/AA ဆောင်ရွက်မည်

ရခိုင်လူထုအ‌ပေါ် ဩဇာသက်ရောက်မှုရှိသည့် AA က ဒေသတွင်း တရားဥပဒေစိုးမိုးရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပေးရန် ကြိုးပမ်းလာသည်

By Myanmar Now / 2021 August 2

ရက္ခိုင့်တပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ရခိုင်ပြည်နယ်အတွင်း တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။ 

ယမန်နေ့ (ဩဂုတ် ၁) ရက်စွဲဖြင့် AA ဒုစစ်‌ဦးစီးချုပ် ဗိုလ်မှူးချုပ်ညိုထွန်းအောင်၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ရခိုင်လူထုအနေဖြင့် မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာ စသည့် အမှုခင်းများ အပြင်၊ တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် အမှုခင်းများအားလုံးကို ULA တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။ 

ULA သို့ အီးမေးလ်၊ VK နှင့် တယ်လီဂရမ်နံပါတ်တို့မှတစ်ဆင့် တိုင်ကြားနိုင်ခြင်းဖြစ်ပြီး တိုင်ကြားသူ၏ ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ရခိုင်ပြည်နယ်တွင် AA နှင့် စစ်တပ်တို့ ၂၀၁၈ ဒီဇင်ဘာမှ ၂၀၂၀ နိုဝင်ဘာလဆန်းအထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီးနောက် “ဝ” ဒေသတွင် တွေ့ဆုံဆွေးနွေးကာ အပစ်ရပ်တန့်နိုင်ခဲ့သည်။

ထို့နောက် ရခိုင်ဒေသတွင် AA ၏ ဩဇာ လွှမ်းမိုးသက်ရောက်မှု ပိုမိုများပြားလာပြီး ပြီးခဲ့သည့် ဇူလိုင် ၂၀ တွင် ဒေသတွင်း မြင့်တက်လာသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နေအိမ်တွင်သာ နေထိုင်ကြရန် ULA/AA ၏ သတိပေးစာထုတ်ပြန်ထားခြင်းကို ရခိုင်လူထုက အလေးထားလိုက်နာခဲ့သည်။

စစ်ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသတွင် မတရားဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှု အများအပြားဖြစ်ပွားခဲ့ပြီး စစ်ပွဲများရပ်တန့်နေသည့် ၉ လတာအတွင်းတွင်လည်း စစ်ရှောင်နှစ်သိန်းကျော် နေရပ်မပြန်နိုင်ခြင်း၊ မပေါက်ကွဲသေးသည့် လက်နက်ကြီး၊ မြေမြှုပ်မိုင်းအန္တရာယ် စသည့် စစ်ကျန်ပဋိပက္ခများ ဆက်ရှိနေသည်။

AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ခဲ့သော်လည်း စစ်တပ်၏ တရားစွဲဆိုမှုများ ရခိုင်ပြည်သူတချို့ ဆက်လက်ရင်ဆိုင်နေကြရဆဲ ဖြစ်သည်။ 

ထို့ကြောင့် ပြည်နယ်အခြေအနေ တည်ငြိမ်လာစေရန် တရားစီရင်ရေးအပိုင်းကို AA က ဆောင်ရွက်လာသဖြင့် ဒေသခံလူထုက ကြိုဆိုလက်ခံကြကြောင်း ပြောသည်။ 

ULA/AA ၏အာဏာကို ကိုယ်ကျိုးအတွက် အသုံးချလုပ်ကိုင်နေကြသူများလည်း ရှိနေသောကြောင့် ထိုဖြစ်စဉ်များနှင့် ပတ်သက်ပြီး တိုင်ကြားနိုင်ရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက သုံးသပ်ကြသည်။

“တိုင်လို့ရတယ်ဆိုပြီးဖြစ်လာရတာက တွစ်တာမှာ တစ်ခုတင်တာ တွေ့လိုက်ပါတယ်။ အဲဒါကြောင့် ဖြစ်လာတာလို့ ထင်ပါတယ်။ နောက်ပြီးတော့ လူတွေကလည်း ULA/AA ထက် ULA/AA နောက်က လိုက်နေတဲ့လူတွေက ငါက ဘယ်သူနဲ့ ပေါင်းနေတာဆိုပြီးတော့ လုပ်နေကြတယ်။ အဲဒါတွေက များပါတယ် ” ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

aa_arakan_1.jpeg

ကချင်ပြည်နယ်၊ လိုင်ဇာတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Myanmar Now)

ကချင်ပြည်နယ်၊ လိုင်ဇာတွင် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- Myanmar Now)

မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်များတွင် အာဏာအလွဲသုံးစားပြုလုပ်နေသူများရှိသဖြင့် ကိုင်တွယ်ဖြေရှင်းပေးရန် ရခိုင်ဒေသခံတချို့က ရက္ခိုင့်တပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွစ်တာမှတစ်ဆင့် တောင်းဆိုနေကြသည်။  

ဘူးသီးတောင်မြို့နယ်မှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးကလည်း ဒေသခံတို့၏ တိုင်တန်းချက်များကြောင့် ယခုထုတ်ပြန်ချက် ထွက်ပေါ်လာသည်ဟု ယူဆသည်။

“(ULA/AA) အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရင်းနှီးသူတွေက အောက်ခြေက ရွာသူရွာသားတွေကို အနိုင်ခံတယ် (အနိုင်ကျင့်တယ်)။ မတရားသဖြင့် အဲဒီလိုလုပ်တော့ မခံချင်လို့ ပြည်သူတွေက တင်ပြကြတော့ အခုလို ထုတ်လိုက်တာကို ပြည်သူတစ်ယောက်အနေနဲ့ ပိုပြီးတော့ ဝမ်းသာပါတယ်။ အမှန်အကန်ဖြစ်မှာဆိုတော့ လေးစားယုံကြည်မှုတွေက ပိုများလာမယ်” ဟု ၎င်းက ပြောသည်။

ULA သို့ တိုင်ကြားရာတွင် တိုင်တန်းသူ၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်များ၊ အခင်းဖြစ်ပွားသည့်နေရာ၊ အချိန်၊ နေ့ရက်နှင့် အဖြစ်အပျက်အပြည့်အစုံကို တိကျစွာ ဖော်ပြပေးရမည်ဟု ဆိုသည်။

ကျူးလွန်ခံရသူဖြစ်စေ၊ ဆွေမျိုးမိသားစုဝင်တစ်ဦးဖြစ်စေ၊ မျက်မြင်သက်သေတစ်ဦးဖြစ်စေ တိုင်တန်းနိုင်ပြီး စစ်ဆေးမှု၊ အရေးယူဆောင်ရွက်မှု ပြီးမြောက်သည်အထိ တိုင်တန်းသူ၏ ကိုယ်ရေးအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မျှ မသိစေရန် ထိန်းသိမ်းကာကွယ်ပေးသွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ တိုင်တန်းနိုင်သည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း လတ်တလောတွင် ဆက်သွယ်မရသေးပေ။ 

 ULA/AA တရားစီရင်ရေးရုံးဌာနများကို စစ်ကောင်စီထိန်းချုပ်ရာ မြို့များပေါ်တွင် မတွေ့ရသေးသော်လည်း ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင်မူ တရားစီရင်ရေးရုံးများ ဖွင့်လှစ်ထားသည်။

“ဘယ်အမှားမျိုးမဆို ကျူးလွန်တာတွေကို တိုင်လို့ရတယ်ဆိုပြီးတော့ အီးမေးလိပ်စာတွေနဲ့ ချပေးလာတာကိုတော့ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ လက်လည်းလက်ခံပါတယ်။ မင်းပြားမြို့ပေါ်မှာတော့ တရားရေးမဏ္ဍိုင်မရှိရင်လည်း  နယ်ဘက်တွေမှာရှိတယ်။ တရားဥပဒေကို ချိုးဖောက်နေတဲ့အမှုတွေအားလုံးကို ဖြေရှင်းပေးနေတယ်လို့ ကြားရပါတယ်” ဟု အထက်ပါ မင်းပြားမြို့ခံ အမျိုးသားက ပြောသည်။

လက်ရှိအချိန်၌ ဖြစ်ပေါ်လာသည့် အမှုခင်းကိစ္စရပ်များကို ဒေသခံများက စစ်ကောင်စီတရားရုံးများ၌ သွားရောက်ခြင်းများ မရှိတော့ဘဲ ULA/AA တရားစီရင်ရေးဌာနများသို့ သွားရောက်တိုင်တန်းမှုများရှိကြကြောင်း ၎င်းက ဆက်ပြောသည်။

ကိုဗစ်နိုင်တင်းရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်ပြီး ကိုဗစ်စည်းကမ်းမလိုက်နာသူများကို AA က မြောက်ပိုင်းမြို့နယ်တချို့တွင် အပြစ်ပေးအရေးယူနေကြောင်း ကြားသိရသည်။

“ကျွန်တော်တို့မြင်ရတာက မင်းပြားမြို့ပေါ်မှာ ULA/AA အုပ်ချုပ်ရေးအဖွဲ့က ဝါးရင်းတုတ်ကိုင်ပြီး လှည့်ပတ်စောင့်ကြည့်တာရှိတယ်။ ကျောက်တော်ဘက်တွေမှာလည်း မြင်ရတယ်။ ရသေ့တောင်မှာဆိုရင် ထထိုင်လုပ်ခိုင်းတာတွေလည်း မြင်ရတယ်” ဟု ၎င်းမင်းပြားမြို့ခံက ပြောသည်။

ဇူလိုင် ၂၀ မှ ဩဂုတ် ၄ အထိ ရခိုင်တစ်ပြည်နယ်လုံး Stay at Home (နေအိမ်တွင်သာ နေထိုင်ကြရန်) ULA က ထုတ်ပြန်ခဲ့ပြီးနောက် စည်းကမ်းမလိုက်နာသော စစ်တွေနှင့် ဒေသတချို့ကို AA စစ်ဦးစီးချုပ်က ဇူလိုင် ၂၅ တွင် ရုပ်သံဖိုင်ထုတ်ပြန်ကာ သတိပေးပြောဆိုခဲ့သည်။

ထို့နောက် ဇူလိုင် ၂၇ နှင့် ၂၈ ၌ စစ်တွေမြို့တွင် နှစ်ရက်ဆက်တိုက် အသံဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး အသံဖြင့် သတိပေးခြင်းဟု AA က ထုတ်ပြန်ခဲ့သည်။ 

https://www.facebook.com/myanmarnownews/posts/2176873699127023

Leave a Reply

Your email address will not be published.