ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ဖေဖော်ဝါရီလမှ ဩဂုတ်လလယ်ထိ ဆက်တိုက်မြင့်တက်နေ

By Western News/ 2021 August 19

ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဖေဖော်ဝါရီလ ပထမပါတ်လောက်မှစတင်ကာ ဈေးနှုန်းမြင့်တက် လာသည်မှာ ဩဂုတ်လလယ်ပိုင်းရောက်သည်ထိ ကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်လျက်ရှိသည်။

ယခုဩဂုတ်လလယ်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းများမှာ ယခင်ဈေးထက် ၁၀၀ ကျပ်နှုန်းခန့်ဈေးထပ်မြင့်သွားကြောင်း ဈေးနှုန်းများမှာတစ်ရက်နှင့် တစ်ရက်တူညီမှုမရှိကြောင်း စစ်တွေမြို့ ကျော်စံ စက်သုံးဆီအရောင်းဆိုင်မှ စာရင်းကိုင် ကိုကျော်ဇော်မြင့် ကပြောသည်။

“လက်ရှိရောင်းနေရတဲ့ ဈေးနှုန်းတွေကတော့ ဒီဇယ် တစ်လီတာကို ၁၂၅၅ ကျပ်၊ ပရီမီယမ် တစ်လီတာကို ၁၁၇၀ ကျပ်၊ နိုင်တီတူး တစ်လီတာကို ၁၂၀၀၊ ပြီးတော့ နိုင်တီဖိုင်း သူကကျတော့ တစ်လီတာကို ၁၂၇၅ ကျပ်ရှိတယ်။ အရင်ဈေးထက် ၁၀၀ ကျပ်လောက် ထပ်မြင့်သွားတာပေါ့။ ဒါကတော့ ကျနော်တို့ခုရောင်းနေတဲ့ ဈေးနှုန်းတွေပေါ့။ ကျနော်တို့ခုရောင်းနေတဲ့ ဆီတွေက ပြည်မဘက်က တင်ပို့တာပေါ့။ ကျနော်တို့ ဝယ်ရတဲ့ဈေးနှုန်းတွေကတော့ တစ်ရက်နဲ့တစ်ရက်မတူဘူး” ဟုပြောသည်။

၎င်းတို့ဝယ်ယူရသည့် ပြည်မဘက်မှဝယ်ဈေးနှုန်းများမှာ ယမန်နေ့ကထိ ဒီဇယ် တစ်လီတာကို ၉၅၀ ပရီမီယမ် တစ်လီတာကို ၉၇၀၊ နိုင်တီတူး တစ်လီတာကို ၉၈၀ကျပ်နှင့် နိုင်တီဖိုင်း တစ်လီတာကို ၁၀၃၀ ကျပ်ထိရှိကြောင်း သူကဆက်ပြောသည်။

ဖေဖော်ရီလမတိုင်မီအချိန်ထိ နိုင်တီတူး တစ်လီတာကို ၁၀၀၀ ကျပ်နီးပါခန့်သာရှိခဲ့ပြီး လက်ရှိတွင် ၁၀၀၀ ကျော်အထိမြင့်တက်သွား၍ ကယ်ရီဆွဲစားနေရသူများအဖို့ ဝင်ငွေပိုင်းထိခိုက်ကာ စားဝတ်နေရေးပိုင်းတွင်လည်း ခက်ခဲလာကြောင်း စစ်တွေမြို့ပေါ်တွင် အငှားယာဉ်မောင်းနှင်နေသည့် မင်းဂံရပ်ကွက်မှ ကိုဇော်သိန်းမောင် ကပြောသည်။

“ဆီဈေးတွေက ၂ လပိုင်းလောက်ကတည်းဆက်တိုက်ဆိုသလိုတက်နေတာပဲ။ နည်းနည်းပါးပါးကျသွားတယ်ဆို တာလေးတောင်မရှိဘူး။ အရင်တုန်းက ၁၀၀၀ နီးပါးလောက်ပဲရှိတယ်။ အဲဒီကနေတက်လာတာက ၁၀၅၀၊ ၁၁၀၀ ခု ၁၂၀၀ တစ်ချို့နေရာတွေမှာဆို ၁၃၀၀ ။ ဒီလိုတွေတက်နေတော့ ကျနော်တို့ကယ်ရီသမားတွေက ဆီဖိုးပိုကုန်ကျခံ ရတော့ ပုံမှန်ဝင်ငွေလေးတွေထိခိုက်တော့တာပေါ့။ ဒီကြားထဲ ကိုဗစ်နဲ့ လူတွေကအပြင်သိပ်ထွက်ကြတာ မဟုတ်ဘူး။ ဝင်ငွေသိပ်မကောင်းရင် မိသားစုစားသောက်ရေးတွေ ခက်ခဲတာပါပဲ” ဟုပြောသည်။

စက်သုံးဆီဈေးနှုန်းမြင့်တက်မှုမှာ စစ်တွေမြို့အပါအဝင် ရခိုင်တပြည်လုံးရှိမြို့နယ်တိုင်းတွင် မြင့်တက်နေခြင်းဖြစ် ပြီး ဈေးနှုန်းများမြင့်တက်သော်လည်း ဝယ်လိုအားရောင်းလိုအားများမှာပုံမှန်အတိုင်းသာရှိနေကြောင်း မြို့နယ် အလိုက် စက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ရခိုင်တွင် စက်သုံးဆီအပါအဝင် ပြည်မဘက်မှတင်ပို့ရသည့် ကုန်ပစ္စည်းအများအပြားမှာ ဈေးနှုန်းကျဆင်းမှုမရှိဘဲ ဆက်တိုက်မြင့်တက်လျက်ရှိပြီး လက်လုပ်လက်စားပြည်သူများမှာ ကိုဗစ်ကာလနှင့် နိုင်ငံရေးမတည်ငြိမ်မှုကြားတွင် စက်သုံးဆီနှင့် တခြားကုန်ဈေးနှုန်းများဆက်တိုက်မြင့်တက်မှုဒဏ်ကိုပါ ခံစားနေကြရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/353330083140169

Leave a Reply

Your email address will not be published.