ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုလျော့နည်းလာ၍ ကျောင်းများပြန်လည်ဖွင့်နိုင်ရန် ပြင်ဆင်ထားရန် ညွှန်ကြား

By Western News/ 2021 August 24

ရခိုင်ပြည်နယ်တွင် ယခုလပိုင်းတွင်း၌ ကိုဗစ်ဖြစ်ပွားမှုလျော့ကျလာသောအခြေနေကြောင့် ကိုဗစ်ကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများ ပြန်လည်ဖွင့်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန၏ သတင်း အချက်လက်များအရ သိရသည်။

ကျောင်းများပြန်လည်ဖွင့်မည့်ရက်အပိုင်းအခြားအား အတိအကျမသိရသေးကြောင်း ကျောင်းပြန်ဖွင့်လျှင် အဆင်သင့်ဖြစ်စေရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားချက်များ ရောက်ရှိထားကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်း ပြောသည်။

“ပြန်ဖွင့်မယ့်ရက်ကိုတော့ အတိကျပြောထားတာမျိုးမရှိသေးပါဘူး။ ခုကကိုဗစ်အခြေနေဖြစ်ပွားမှုတွေလည်းလျော့ ကျလာပြီဆိုတော့ ကျောင်းတွေပြန်ဖွင့်ရင် အဆင်သင့်ဖြစ်အောင် စီစဉ်ဆောင်ရွက်ထားဖို့ ညွှန်ကြားထားတာပါ” ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် အခြေခံစာသင်ကျောင်းများကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါ ဖြစ်ပွားနှုန်းများပြား လာမှုကြောင့် ဇူလှိုင်လ ၈ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ကို ၂ ပတ်ကြာယာယီပိတ်ကြောင်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကြေညာချက်ထုတ်ထားသည့် ၂ ပတ်တာပြီးနောက် ကိုဗစ်ဖြစ်ပွားမှုနှုန်းများ ဆက်လက်မြင့်တက်နေမှုကြောင့် ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ်လ ၆ ထိ တစ်ကြိမ်၊ ဩဂုတ်လ ၇ မှ ၂၀ ထိ တစ်ကြိမ် နှစ်ပတ်ခန့်စီ ယာယီပိတ်ထားကြောင်း ထပ်ထုတ်ပြန်ပြီး ဩဂုတ်လ ၂၁ ရက်မှစ၍ နောက်ထပ်တစ်ပတ်ခန့်ထပ်တိုးကာ ကျောင်းများကို ယာယီပိတ်ထားဆဲဖြစ်သည်။

ရခိုင်တွင် ယခုတစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာနှင့် ကိုဗစ်ကူးစက် သေဆုံးသူလူနာများ လျော့နည်းလာခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၂၃ ရက် အတွင်း တပြည်နယ်လုံးအတိုင်းအတာအရ အတည်ပြုလူနာ ၂၇ ဦးထိရှိကာ သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၏ အချက်လက်များအရသိရသည်။

https://www.facebook.com/westernnewsagency/posts/356588852814292

Leave a Reply

Your email address will not be published.