ရခိုင်တွင် ကိုဗစ်ကြောင့် ကိုယ်ဝန်ဆောင်မိခင် ၆ ဦးခန့် သေဆုံးမှုရှိလာ

By Development Media Group (DMG)/ August 9

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်မိခင်များထဲမှ ကလေးမွေးဖွားပြီးသေဆုံးသူနှင့် ကလေးမမွေးဖွားမီသေဆုံးသည့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း ၆ ဦးခန့် ရှိလာနေကြောင်း ကိုဗစ်အတည်ပြုလူနာများ သေဆုံးမှုစာရင်းများအရ သိရသည်။

ကျောက်ဖြူမြို့နယ်တွင် သြဂုတ်လ ၈ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၄ ဦးသေဆုံးခဲ့ရာတွင် ကလေးမွေးကင်းစမိခင်တစ်ဦးလည်းပါဝင်ကြောင်း လေးဝတီကုလရက္ခိတပရဟိတအသင်းမှ သိရသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးက ကိုဗစ်တွေ့လို့ ဆေးရုံတက်နေတာပါ။ အဲဒါမနေ့ကကလေးမွေးတယ်။ မွေးတဲ့ကလေးလည်းအသေမွေးတာပါ။ သူကအစကတည်းက အောက်ဆီဂျင်ကျနေတယ်လို့သိရပါတယ်။ အဲဒါနဲ့ကလေးမွေးပြီး သိပ်မကြာခင်မှာပဲ သေဆုံးသွားတာပါ”ဟု လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးကပြောသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးတွင်လည်း သြဂုတ် ၈ ရက်နေ့က ကလေးမွေးဖွားပြီးမကြာမီ မိခင်နှင့်ကလေးနှစ်ဦးလုံး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

ကိုဗစ်ကြောင့် ကလေးမွေးဖွားပြီးသေဆုံးသူနှင့် ကလေးမမွေးဖွားမီသေဆုံးသည့် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုမှာ ကျောက်ဖြူမြို့မှ (၂)ဦး၊ မင်းပြားမြို့တွင် (၁)ဦး၊ စစ်တွေမြို့တွင် (၂)ဦး၊ မောင်တောတွင် (၁)ဦးတို့ဖြစ်ကြောင်း DMG မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

ယင်းအထဲတွင် မင်းပြားမြို့နယ်မှ သေဆုံးသည့်ကိုယ်ဝန်ဆောင်မိခင်မှာ ကိုယ်ဝန် ၅ လသာရှိသေးကြောင်းလည်း သိရသည်။

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးဖွားပြီး သေဆုံးသွားတဲ့ကလေးမိခင်တွေ ဘယ်နှစ်ယောက်လောက်ရှိလည်းဆိုတာကိုတော့ အတိကျမသိဘူး။ facebook မှာ သတင်းတွေမှာမြင်မိတာတော့ မောင်တော ဖက်တို့မှာ သေတယ်လို့ကြားမိတယ်။ အသေးစိတ်ကို ကျနော်တို့ မကြည့်ရသေးပါဘူး။ သေဆုံးတဲ့စာရင်းထုတ်တဲ့အခါလည်း နာမည်တွေပဲရေးတာဆိုတော့ ဘယ်လိုဘယ်ဝါဆိုပြီး သီးသန့်ယူထားတာမရှိပါဘူး” ဟု ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အဆုတ်ကောင်းအောင်လေ့ ကျင့်ခန်းများလုပ်ရန်လိုအပ်ပြီး အောက်ဆီဂျင်မကျရန်အတွက်ကိုလည်း သတိထားနေရမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က တိုက်တွန်းပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၈ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူစုစုပေါင်း ၃၂၄၆ ဦးရှိပြီး သေဆုံးသူ ၂၈၅ ဦးထိ ရှိလာကြောင်း ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။

https://www.facebook.com/dmgnewsagency/posts/2081185435367190

Leave a Reply

Your email address will not be published.