ရခိုင်တွင်ယခုရက်ပိုင်းအတွင်း ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းလာသော်လည်း သေဆုံးမှုများနေ့စဉ် ရှိနေသေးသဖြင့် စည်းကမ်းလိုက်နာရန် လိုအပ်နေသေးဟုဆို

By Narinjara/ 2021 August 7

ချစ်အိလှိုင်

ရခိုင်တွင် ယခုသြဂုတ်လအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း သေဆုံးမှုများမှာ နေ့စဉ်ရှိနေသေးသဖြင့် စည်းကမ်းလိုက်နာမှုရှိရန် လိုအပ်နေသေးကြောင်း ကိုဗစ်-၁၉ စောင့်ကြည့် လေ့လာရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများက ပြောဆိုလိုက်သည်။

ပြည်နယ် အစိုးရ၏ သတင်းထုတ်ပြန်ချက်စာရင်းအရ ရခိုင်ပြည်နယ်တွင် သြဂုတ် ၁ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၈၅ ဦးနှင့် သေဆုံးသူ ၁၆ ဦး၊ သြဂုတ် ၂ ရက်နေ့တွင် ပိုးတွေ့သူ ၆၆ ဦးနှင့် သေဆုံးသူ ၁၁ ဦး၊ သြဂုတ် ၃ ရက်နေ့တွင် ပိုးတွေ့သူ ၆၇ ဦးနှင့်သေဆုံးသူ ၃ ဦး၊ သြဂုတ် ၄ ရက်နေ့တွင် ပိုးတွေ့သူ ၅၅ ဦးနှင့်သေဆုံးသူ ၅ ဦး၊ သြဂုတ် ၅ ရက်နေ့တွင် ပိုးတွေ့သူ ၅၂ ဦးနှင့် သေဆုံးသူ ၁၁ ဦး၊ သြဂုတ် ၆ ရက်နေ့တွင် ပိုးတွေ့သူ ၄၂ ဦးနှင့် သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်း သိရသည်။

Rakhine Covid-19 Watch မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ကိုဇော်လှိုင်ထွန်းက “ သေဆုံးမှုနှုန်း ကတော့ ဒီတိုင်းပါပဲ။ ဒါပေမယ့် ရောဂါဖြစ်ပွားမှုနှုန်းကတော့ နည်းနည်းလျှော့သွားတဲ့ အနေအထား ရှိတာပေါ့။ ထိမ်းချုပ်ဖိို့လိုသေးတဲ့အနေအထားအများကြီးရှိပါတယ်။ စည်းကမ်း လိုက်နာမှုက အများကြီးလိုတာပေါ့” ဟုပြောသည်။

၄င်းတို့တွေ့မြင်ရသည့်အနေအထားအရ နှာခေါင်းစည်းကို လူ၁ဝဝ တွင် ၃ဝ ဦးက  သေသေချာချာ တပ်ဆင်သော်လည်း ရဝ ဦးခန့်က မေးစေ့တွင် တပ်ဆင်သွားလာသူများ တွေ့နေရကြောင်း သူကဆက်ပြောသည်။

မောင်တောမြို့နယ်ဆေးရုံအုပ်ဒေါက်တာနုကေသီစံက “ ကူးစက်မှုနှုန်းလျော့တယ်ဆိုတာက အရင်တုန်းကလို အလုံးအရင်းနဲ့ မဖြစ်ဘူးပေါ့။ မရှိတော့ဘူးလားဆိုတော့လည်း မဟုတ်ဘူး။ သူ့ဟာသူ ပုံမှန်လေးတော့ ရှိနေပါတယ်။ ကိုယ်ကူးစက်မှန်းမသိတော့ လာမစစ်ကြတာလည်းပါတာပေါ့။ အိမ်မှာနေတယ်။ နေမကောင်းတဲ့အခါမှာနှာစေး၊ ချောင်းဆိုးရင်လည်းကိုယ့်ဟာကိုယ် အိမ်မှာ ကုလိုက်မယ်။ အနံ့ပျောက်ရင်လည်း အိမ်မှာနေလိုက်မယ်ဆိုတဲ့အခါကျတော့ အသက်ကြီးတဲ့လူတွေက ရောဂါကူးစက်မှုခံရတဲ့အခါမှာ စောစောစီးစီးမသိတာ၊ မလာတာလည်းပါမယ်။ အဲတော့ ရောက်တာနောက်ကျလို့ရှိရင်တော့ သေဆုံးမှုတော့များတက်ပါတယ်” ဟုပြောသည်။

သို့ရာတွင် ယခုရက်ပိုင်းအတွင်းမောင်တောမြို့နယ်တွင်အများစုမှာ နှာခေါင်းစည်းတပ်၍ အပြင်ထွက်ကြကြောင်း၊ ကူးစက်မှုနှုန်းလျော့နည်းလာသော်လည်း ယခုကဲ့သို့ စည်းကမ်းဆက်ထိမ်းနိုင်မှ သေဆုံးမှု၊ ကူးစက်မှုလျော့ကျလာမည်ဟု သူမက ဆက်ပြောသည်။

“ပြောချင်တာက ကာကွယ်ဆေးတွေ ထိုးပေးနေတယ်။ အဲဒါကို မဖြစ်မနေထိုးကြဖို့လိုပါမယ်။ ကိုဗစ်က လုံးဝကကင်းစင်သွားမှာမဟုတ်တဲ့အတွက် ကိုယ့်ဟာကိုယ် စည်းကမ်းနဲ့နေကြဖို့လိုပါမယ်။ မောင်တော နယ်ဘက်တွေမှာ တော့ မုန့်ဆိုင်တွေ၊ လဖက်ရည်ဆိုင်တွေမှာ ထိုင်စားနေတာတွေရှိတယ်လို့ သတင်းရတယ်။ သိရင်တော့ ကျန်းမာရေးဌာနက သွားတားတာတွေရှိပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ၄င်း၏ ပြန်ကြားရေး စာမျက်နှာတွင် သြဂုတ်လ (၂) ရက်နေ့က ရေးသားချက်တွင် “ကိုဗစ်-၁၉စာရင်းအရ Positive က တန့်နေပါပြီ။ ဒါပေမယ့် အသေများပါတယ်” ဟု ရေးသာဖော်ပြခဲ့သည်။

၄င်းအပြင် ဦးလှသိန်းက သူ၏ပို့စ်တွင် ရခိုင်က ဆရာဝန်များအား မေးမြန်ချက်အရ ဆရာဝန်များ၏ ဖြေကြားချက်များကို အချက်(၆)ချက်ရေးသားထားသည်။

“ ယခုရက်ပိုင်းဆေးရုံရောက်နေတဲ့လူနာတွေက အောက်ဆီဂျင်ကျပြီးမှ ရောက်လာတော့ ဆေးရုံတက်ပြီးနောက်နေ့မှာ အခြေအနေဆိုးသွားတာတွေ့ရပါတယ်။ ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဆေးရုံတွေက လက်ခံကုသပေးနေပါတယ်။ ဆေးရုံကို မြန်မြန်ပြသင့်ပါတယ်။ ကိုဗစ်-၁၉ စည်းကမ်းတွေကို လိုက်နာမှုတိုးတက်လာပေမယ့် အားနည်းချက်ရှိတုန်းပါပဲ။ ဆေးရုံတွေမှာ အောက်ဆီဂျင်အပြည့်အဝရှိအောင် ပြည်နယ်အစိုးရအဖွဲ့က စီမံပေးထားပါတယ်။ ရခိုင်ပြည်နယ်အနေနဲ့ ဆရာဝန်တွေရှိနေပါတယ်။ သံသယဖြစ်ရင်ဆေးရုံကို ပြသကြပါလို့ပြောချင်ပါတယ်။ ကာကွယ်ဆေးများမပြတ်ထိုးသွားဖို့ အစီစဉ်ရှိပါတယ်” ဟု ရေးသားဖော်ပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် မေလ ၂၅ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့အထိ ကိုဗစ်လူနာ ၃၁၅၆ ဦးနှင့် သေဆုံးသူ၂၄၅ ဦး ရှိနေပြီဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူ ၂၁၈၀ ဦးရှိသွားဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4564737523538289

Leave a Reply

Your email address will not be published.