ရခိုင်တွင်ကိုဗစ်ကာလ စားဝတ်နေရေးခက်ခဲနေသူများကို ဒေသခံပရဟိတအဖွဲ့များနှင့် ငွေကြေးတတ်နိုင်သူများက ကူညီထောက်ပံ့

By Narinjara/ 2021 August 3

အေးမြတ်ခိုင်

ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ကိုဗစ်ကာလအတွင်း တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်ကန့်သတ်ထားစဉ် စားဝတ်နေရေးခက်ခဲသောအိမ်ထောင်စုများကို ဒေသခံပရဟိတအဖွဲ့များနှင့် ငွေကြေးတတ်နိုင်သူများက စားနပ်ရိက္ခာများကူညီထောက်ပံ့မှုများရှိနေကြောင်း သိရသည်။

လက်လုပ်လက်စားပြည်သူများအနေဖြင့် ကိုဗစ်ကာလအတွင်း စားဝတ်နေရေးမခက်ခဲဘဲ Stay at home နေနိုင်ရန်ရည်ရွယ်ကာ ယခုကဲ့သို့ထောက်ပံ့ပေးရခြင်းဖြစ်သည်ဟု ကူညီထောက်ပံ့ပေးနေသူများက ပြောသည်။

Mong Bra Youth Association မှ ဒါရိုက်တာ ကိုနေငြိမ်းချမ်းက “ကိုဗစ်ကာလ Stay at home ကာလမှာ အပြင်မထွက်ရတဲ့အတွက် တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ လက်လုပ်လက်စားတွေက စားဝတ်နေရေးခက်ခဲလာတယ်။ Stay at home နေနိုင်အောင်အတွက် အဓိကအချက်တစ်ခုဖြစ်တဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးရတာပါ။ တခြားမြို့နယ်တွေမှာလည်း အခုလိုကူညီပေးစေချင်တယ်။”ဟု နိရဥ္စရာသို့ ပြောသည်။

၎င်းတို့အနေဖြင့် မင်းပြားမြို့ရှိ လက်လုပ်လက်စားသမားများ၊ ကိုယ်ဝန်ဆောင်ရှိသည့်အိမ်များ၊ မုဆိုးဖို၊ မုဆိုးမအိမ်များ၊ ကလေးရှိသည့်အိမ်၊ သက်ကြီးပိုင်းရှိသည့်အိမ်နှင့် နာမကျန်းဖြစ်နေသည့်အိမ်များကို အဓိကထားကူညီနေသည်ဟု ကိုနေငြိမ်းချမ်းက ဆက်ပြောသည်။

“ကျွန်တော်တို့ မင်းပြားမြို့စွန်က စားဝတ်နေရေးအခက်ခဲရှိတဲ့ အိမ်ထောင်စုအများဆုံးနေထိုင်တဲ့ မင်းဘာကြီးရပ်ကွက်မှာ အိမ်ထောင်စု ၇၄ စုအတွက် ဆန်(၂)ပြည်၊ ဆီ (၁)ဗူး၊ ဆား ၁ ထုပ်၊ ငပိ(၂၀)သား၊ ငရုပ်သီးခြောက် ၄၀သားနှုန်းနဲ့ ကူညီပေးခဲ့တယ်။ မင်းပြားမြို့နယ် ကံဖေရွာမှာလည်း အိမ်ထောင်စု (၅၂)စုအတွက် အဲ့ဒီနှုန်းအတိုင်းထောက်ပံ့ပေးခဲ့ပါတယ်’’ဟု ပြောသည်။

မင်းပြားမြို့နယ်၊ မြစ်နားရွာတွင်လည်း စစ်တွေမြို့သို့ပြောင်းရွေ့နေထိုင်သော မြစ်နားရွာဇာတိဦးကျော်စိန်မိသားစုက စားဝတ်နေရေးခက်ခဲသောအိမ်ထောင်စု (၃၅)စုအတွက် ဆန်(၆)ပြည်စီလှူဒါန်းခဲ့သည်ဟု မြစ်နားရွာဒေသခံတစ်ဦးက ပြောသည်။

အလားတူ မင်းပြားမြို့နယ်၊ အိမ်ရှေ့မင်းရွာတွင်လည်း ဒေသခံလောပန်းတစ်ဦးက အခြေခံစားသောက်ကုန်များကို အိမ်ထောင်စု(၁၅၀)အတွက် ဆန်တစ်အိတ်၊ ဆီ(၁)ပိဿာ၊ ငရုပ်သီး (၆)ပြည်၊ ကြက်သွန် (၁) ပိဿာနှင့် ဟင်းချိုမှုန့် ပိဿာခွဲတို့ကို ထောက်ပံ့လှူဒါန်းခဲ့သည်ဟု သိရသည်။

ပေါက်တောမြို့နယ် ကန်ချောင်းကျေးရွာတွင်လည်း ဒေသခံလူငယ်များအပါအဝင် ကချင်ရောက်ရခိုင်လောပန်းများနှင့် ပြည်ပနိုင်ငံအချို့ရှိ ရခိုင်သားအချို့တို့ပူးပေါင်းကာ ကျေးရွာအတွင်း စားနပ်ရိက္ခာများထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ကန်ချောင်းကျေးရွာလူငယ်ပရဟိတအသင်းမှ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြင့်က “ဇူလိုင်(၂၉)ရက်နေ့က အိမ်ထောင်စု (၈၄)စုအတွက် ဆန် ၉ ပြည် နှင့် ငွေ ၂၀၀၀ ကျပ်ကူညီထောက်ပံ့ခဲ့ပြီး သြဂုတ်လ (၁)ရက်နေ့က ဒုတိယအကြိမ် အိမ်ထောင်စု (၁၈၄)စုအတွက် ဆန် ၆ ပြည်စီ ကူညီခဲ့ကြပါတယ်။”ဟု ပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း စေတနာရှင်များ၏လှူဒါန်းငွေများဖြင့် ကိုဗစ်ကာလအတွင်း စားနပ်ရိက္ခာခက်ခဲနေသူများကို လိုက်လံကူညီထောက်ပံ့နေသည်ဟု ရသေ့တောင်မြို့နယ်၊ ပရဟိတလူငယ်များအသင်း(စေတီပြင်) မှ အတွင်းရေးမှူး ကိုအောင်မင်းစိုးက ပြောသည်။

“ရသေ့တောင်မြို့နယ်က ရွာ(၁၂)ရွာ၊ ဘူးသီးတောင်မြို့နယ်က ရွာ(၂) ရွာမှာ အခက်ခဲဆုံးအိမ်ထောင်စုတွေ ထောက်ပံ့လှူဒါန်းထားတယ်။ အလှူငွေတွေထပ်ရထားတာလည်းရှိတော့ နောက်နေ့တွေလည်းဆက်လှူသွားဖို့ရှိပါတယ်။”ဟု ပြောသည်။

ရခိုင်ပြည်သူများအနေဖြင့် ကိုဗစ်ကာလအတွင်း ဇူလိုင်လ ၂ဝ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်တိတိအပြင်မထွက်ကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)က ထုတ်ပြန်ထားပြီး စားဝတ်နေရေးအခက်ခဲကို ပြည်သူအချင်းချင်း ဝိုင်းဝန်းကူညီဖြေရှင်းရန်လည်း တိုက်တွန်းထားသည်။

https://www.facebook.com/narinjara.info/posts/4553410631337645

Leave a Reply

Your email address will not be published.