ရခိုင်စစ်ဘေးရှောင်စခန်းများသို့ ICRC မှစားနပ်ရိက္ခာ ပြန်လည်ထောက်ပံ့ခွင့် ရမည်ဟုဆို

By Narinjara/ 2021 August 15

သန္တာကျော်ဇော

စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသောရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် စခန်းများကို ICRC (နိုင်ငံတကာကြက်ခြေနီအဖွဲ့)က စားနပ်ရိက္ခာများ ပြန်လည် ထောက်ပံ့ခွင့်ရရှိတော့မည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာ ဝန်ကြီးဦးသန်းထွန်းကို နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းအဖွဲ့အနေဖြင့် ပြန်လည်ထောက်ပံ့နိုင်တော့မည်ဟု အတည်ပြု ပြောကြားသည်။

“ကိုဗစ်ကြောင့်ယာယီရပ်နားထားခိုင်းပေမဲ့ အခုတော့ အရင်လိုပြန်ပြီး ထောက်ပံ့နိုင်တော့မှာပါ။ အခုလာမဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးလောက်မှ သူတို့ ရောက်အောင်သွားလိမ့်မယ်” ဟု ပြောသည်။

ရခိုင်က စစ်ဘေးရှောင်စခန်းအချို့ကို ICRC မှတစ်လလျှင် အိမ်ထောင်စု တစ်စုစီအတွက် ဆန် ၅၀ ကီလို တစ်အိတ်၊ လောင်စာခဲ (မီးသွေး) ၅၀ ကီလိုတစ်အိတ်နှင့် အခြား ဆီ၊သကြား၊ဆား စသည့် စားနပ် ရိက္ခာများ ထောက်ပံ့ ပေးကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ တိမ်ညိုစစ်ဘေးရှောင်စခန်းမှ တာဝန်ခံဦးစိုးနိုင်အား မေးမြန်းရာတွင် ၎င်းက “ကျွန်တော်တို့ကို မြောက်ဦး ICRC ရုံးခွဲက ဒီနေ့မှာပြောတာကတော့ သူတို့လည်း တိတိကျကျ သေချာမသိဘူးလို့ ပြောတယ်။ တိတိကျကျသိရတဲ့အခါတော့ ကျနော်တို့ကို အသိပေးမယ်လို့တော့ ပြောတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိစစ်ဘေးရှောင်စခန်းအချို့သည် လက်ရှိအချိန်တွင် ရိက္ခာပြတ်လပ်မှုဘေးနှင့် ရင်ဆိုင်နေရပြီး ကိုဗစ်ကြောင့် အပြင်ထွက်ပြီး ရှာဖွေစားသောက်ရန်လည်း အခက်ဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ်အစိုးရ၏ ကိုဗစ်ကာလ ကန့်သတ်ချက်ကြောင့် ပြီးခဲ့သည့်သြဂုတ်လ ၁၃ ရက်နေ့တွင် ကိုဗစ်ကြောင့် ICRC မှ စားနပ်ရိက္ခာ ထောက်ပံ့မှုများကို ယာယီရပ်နားခဲ့ရသဖြင့် စခန်းတချို့တွင် ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့လာရပြီးနောက် ယနေ့တွင် ပြန်လည်ထောက်ပံ့မှုများကို ယခင်အတိုင်း ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4589509767727731

Leave a Reply

Your email address will not be published.