မွတ်စလင်များအား အုပ်ချုပ်ရေးနှင့် ရဲလုပ်ငန်းဆိုင်ရာကိစ္စရပ်များတွင်ပါဝင်လာစေရန် စီစဉ်နေဟု AA ပြောဆိုချက် မွတ်စလင်များကြားတွင် သဘောထားကွဲလွဲမှုရှိနေ

By Western News/ 2021 August 19

ULA/AA ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်နှင့် ရဲလုပ်ငန်းများတွင် ရခိုင်ပြည်နယ် အတွင်းနေထိုင်ကြသည့် မွတ်စလင်များ ပါဝင်လာစေရန်စီစဉ်နေကြောင်း ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ပြောဆိုချက်အပေါ် မွတ်စလင်အသိုင်းအဝိုင်းများကြားတွင် သဘောထားကွဲလွဲမှုရှိနေသည်။

ရခိုင်ပြည်နယ်အတွင်းနေထိုင်နေကြသည့် မွတ်စလင်များကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရဲလုပ်ငန်းများတွင်ပါဝင်လာစေရန်စီစဉ်နေကြောင်း ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ပြောဆိုခဲ့သည်။

ယင်းအပြင် မွတ်စလင်များကို ULA/AA ၏ အုပ်ချုပ်ရေးဆိုင်ရာ ရုံးလုပ်ငန်းများ၊ စီမံအုပ်ချုပ်ရန်နည်းလမ်းများနှင့် ဥပဒေဆိုင်ရာ သင်တန်းများပေးရန်စီစဉ်နေကြောင်းလည်း ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သြဂုတ်လ ၁၅ ရက်နေ့က အာရက္ခမီဒီယာနှင့် အင်တာဗျူးတွင်ပြောဆိုခဲ့သည်။

စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာတွင်နေထိုင်သည့် HEADWAY Education for Community Development Initiative သင်တန်းနည်းပြ ဦးသိဏ်းရွှေ(ခ) ကရိမ်း က ရက္ခိုင့်တပ်တော် AA အနေဖြင့် တရားဝင်အစိုးရမဖြစ်သည့်အချိန်အတွင်း ယခုလိုပြောဆိုခြင်းကို လက်ခံရန်ခဲယဉ်းကြောင်း Western News ကိုပြောသည်။

“ကျနော်တို့လူမျိုးတွေကို နေရာပေးမယ်ဆိုတဲ့ စကားလုံးကို အရင်တုန်းကမပြောခဲ့ဘဲ အခုလာပြောတယ်ဆိုတော့ လက်မကိစ္စ နဲ့ ဆက်စပ်နေမလားလို့ ကျနော်တွေးမိတယ်။ အမှန်တကယ် သူ့ရင်ထဲမှာ ဘယ်လိုရှိနေလဲဆိုတာ ကျနော်တို့မသိဘူး။ ပြီးတော့ နောက်တစ်ချက်က AA ကို တရားဝင်တယ်လို့ အစိုးရကကြေညာချက်ထုတ်ထားလား။ ဒါကို ကျနော်သိချင်တယ်။ အစိုးရက AA ကိုတိုင်းပြည်ကို လွှဲလိုက်ပြီ၊ သူတို့ကိုပေးလိုက်ပြီဆိုတဲ့ စကားသံကို ကျနော်တို့မကြားရသေးဘူး။ ဒီအတည်မဖြစ်သေးတဲ့ အပေါ်မှာတော့ သူရဲ့ပြောဆိုချက်ကို လက်ခံဖို့ဆိုတာကတော့ ကျနော်တို့အတွက် အင်မတန်ခဲယဉ်းပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်ကို တရားမျှတစွာအုပ်ချုပ်မည့် မည်သည့်အစိုးရကိုမဆိုမွတ်စလင်အသိုင်းအဝိုင်းက လက်ခံသွား မည်ဖြစ်ပြီးAA ကိုလည်းအားပေးထောက်ခံကြောင်းသူကဆိုသည်။

မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် မွတ်စလင်များအရေးကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေး နေသည့် ဦးရော်ဘီအာလောင်က” ကျနော်တို့ရဲ့အမြင်ကိုပြောရရင်တော့ ကျနော်တို့ မွတ်စလင်တွေကို မခွဲခြားဘဲ ရက္ခိုင့်တပ်တော်က တာဝန်ပေးအပ်လာမယ်ဆိုရင်တော့ ရဲအလုပ်ဖြစ်ဖြစ်၊ တခြားအလုပ်ဖြစ်ဖြစ်ပေါ့။ ကျနော်ကတော့ အဆင်သင့်ပါပဲ။ ပြီးတော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့အင်တာဗျူးကိုလဲ ကျနော်တို့ ကြည့်ရတယ်” ဟုပြောသည်။

AA ၏ပြောဆိုချက်အားကြိုဆိုလက်ခဲ့သော်လည်း တိကျသည့်မူဝါဒူများချမှတ်ပြီးမှသာ လက်ခံသွားမည်ဖြစ်ကြောင်း မွတ်စလင်ကျောင်းသားများသမဂ္ဂ(ရခိုင်) ဒုဥက္ကဌ ကိုဇင်မောင်ထွန်း ကပြောသည်။

“AA က မွတ်စလင်တွေကို ရဲလုပ်ငန်းတွေအပါအဝင် အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ထည့်သွင်းဖို့စဉ်းစားနေတာကိုတော့ ကျနော်တို့လက်ခံကြိုဆိုပါတယ်။ ပြီးတော့ အဲဒါကလည်း တရားဥပဒေစိုးမိုးမှုနည်းလာတဲ့အခါ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာကို ကိုယ်အုပ်ချုပ်ဖို့အတွက်နည်းလမ်းတစ်ခုဖြစ်တယ်။ နောက်တဖက်က စဉ်းစားရင်တော့ ဘယ်လို နေရာတွေမှာ ခန့်မလဲ၊ ရဲဆိုရင်လည်း အရည်အချင်းနဲ့ထိုက်တန်တဲ့အဆင့်ကိုပေးမလား။ အစိုးအဆက်ဆက်က ကျနော်တို့ကိုလုပ်သလိုမျိုးပေါ့၊ ကျောင်းဆရာဆိုရင် မူလတန်းအဆင့်ထက်မပေးဘူး အဲ့လိုရှိလာမလား။ ဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့အရည်အချင်းတွေပေါ်မှာ မူတည်ပြီးတော့ ရာထူးပေးမလား။ သူတို့က ဘယ်လို သဘောထားတွေ၊ မူဝါဒတွေနဲ့သွားမလဲဆိုတာတွေကိုတော့ ကျနော်တို့စောင့်ကြည့်ရမယ်။ ဆုံးဖြတ်ရမယ်” ဟုပြောသည်။

စစ်တွေမြို့နယ်၊ သဲချောင်း(မွတ်စလင်ကျေးရွာ)မှအထည်ကုန်သည်တစ်ဦးဖြစ်သည့် ဦးစိုးနိုင်(ခ) ရော်ဖိ က AA ၏ ပြောဆိုချက်ကို ကြိုဆိုလက်ခံပြီး မိမိတို့ဒေသကို ကာကွယ်ရန်တာဝန်ပေးအပ်လာမည်ဆိုလျှင် ကြိုဆိုလက်ခံသွားမည် ဖြစ်ကြောင်း ပြောသည်။

“ကျနော်ကတော့ AA က တကယ်တမ်းတာဝန်ပေးအပ်လာမယ်ဆိုရင် လုပ်ဆောင်သွားဖို့ရှိတယ်။ ကိုယ့်ဒေသကို ကာကွယ်ဖို့ အတွက်လုပ်ရမှာပေါ့။ လုပ်လည်းလုပ်ချင်တယ်။ ရခိုင်ပြည်နယ်ကို ရခိုင်တွေအုပ်ချုပ်မယ်ဆိုတာကလည်း သဘာဝကျပါတယ်” ဟုပြောသည်။

https://www.facebook.com/westernnewsagency/posts/353394409800403

Leave a Reply

Your email address will not be published.