မြောက်ဦးယဉ်ကျေးမှုဒေသ ယူနက်စကိုဝင်ရာက်ရေး အဆိုပြုလွှာမူကြမ်းတင်သွင်းရန် အသင့်ဖြစ်

By Development Media Group (DMG)/ August 24

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်(UNESCO)စာရင်းဝင်ရောက်နိုင်ရေးအတွက် လာမည့်စက်တင်ဘာလတွင်တင်သွင်းရမည့် အဆိုပြုလွှာမူကြမ်း ပြီးစီးနေပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

လကိရှိမှာ အဆိုပြုလွှာမူကြမ်းတင်သွင်းနိုင်ရန်အတွက် လိုအပ်သည့် ရုံးပိုင်းဆိုင်ရာ(Review update) ဆောင်ရွက်မှုများ ပြီးစီးနေပြီဖြစ်သည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦးဌာနခွဲမှ ညွန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောသည်။

“ကျနော်တို့ မူကြမ်းတင်ဖို့အတွက် ကြိုးစားနေတဲ့စီမံချက်အတိုင်း ကျနော်တို့ စီစစ်ပြီးသွားပြီ။ မြေပြင်ဖက်ကတော့ပြီးသွားပြီ၊ ဝန်ကြီးရုံးကနေ နိုင်ငံတော်အဆင့်ကိုတင်နိုင်ဖို့အတွက် လူကြီးတွေ ဖက်က လက်မှတ်မထိုးပေးရသေးဘူး။ သူတို့နဲ့အစည်းဝေးတွေ လည်းမလုပ်ရသေးဘူး။ အစည်းဝေးတွေလုပ်ပြီး လက်မှတ်ထိုးပြီးရင်တော့ မူကြမ်းတင်လို့ရပါပြီ”ဟု ဆိုသည်။

မြောက်ဦးကို ယူနက်စကိုဝင်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်အဆိုပြုလွှာ မူချောတင်သွင်းရမည်ဖြစ်ပြီး ယင်းနောက်ပညာရှင်များက ကွင်းဆင်းစစ်ဆေးကာ ၂၀၂၃ ခုနှစ်တွင် ယူနက်စကိုဝင်၊မဝင်ကို သိရမည်ဖြစ်သည်ဟု မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောင့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ကိုဗစ်နဲ့ဆိုပေမဲ့လည်း ရုံးမှာထိုင်လုပ်ရတဲ့ကိစ္စတွေတော့ အကုန်လုံးပြီးသွားပြီ။ ဒါပေမဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးတာတွေတော့အားနည်းတယ်။ အခုကျမတို့မူကြမ်းတင်လို့ပြီးသွားရင်တော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာမူချောတင်ရမယ်။ ၂၀၂၃ စက်တင်ဘာ လမှာကျင်းပတဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ပွဲမှာ ဆုံးဖြတ်တဲ့အခါမှပဲ စာရင်းဝင်၊ မဝင်သိရမယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်နှင့် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးခြင်းများမပြုလုပ်နိုင်ခဲ့သည့်အတွက် အပြီးသတ်အဆိုပြုလွှာတင်သွင်းမှုကို တစ်နှစ်နောက်ဆုတ်ထားခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြောက်ဦးဒေသအတွင်းမှ ရှေးဟောင်းဘုရား၊ပုထိုးအချို့ ပျက်စီးမှုရှိခဲ့ကြောင်းလည်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2092696434216090

Leave a Reply

Your email address will not be published.