မြောက်ဦးမြို့နယ် ဝက်လှစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

By Development Media Group (DMG)/ August 10

photo crd – Khine Min Chun

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ဝက်လှစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ယင်းစခန်း တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၂ စု၊ လူဦးရေ ၈၈၅ ဦးရှိပြီး မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စခန်းတွင်း ရေကြီးရေလျှံမှုှနှင့်ကြုံတွေ့ခဲ့ရကြောင်းလည်း သိရသည်။

လက်ရှိမှာ ဝက်လှစစ်ရှောင်စခန်းသို့ ရိက္ခာကူညီထောက်ပံ့မှုမရောက်သည်မှာ ၂ လကျော်ရှိနေပြီဖြစ်၍ ဆန်အပါအဝင် အခြားစားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်လျက်ရှိသည်ဟု စခန်းတာဝန်ခံ ဦးစံညွှန့်ကပြောသည်။

“စခန်းကို အရင်တုန်းက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ အစိုးရအဖွဲ့က ဆန်တွေ၊ ပိုက်ဆံတွေထောက်ပံ့ပေးကြတယ်။ အခုအဲဒီလို မရောက်တာ ၃ လလောက်ရှိနေပြီ။ စစ်ဘေးရှောင်တွေမှာလည်း အလုပ်အကိုင်မရှိဘူး။ ဖြစ်သလိုစားနေရတယ်။ ထောက်ပံ့ပေးနေတဲ့သူတွေကိုပြောတော့လည်း သူတို့မှာငွေထုတ်လို့မရတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ပဲပြောတယ်“ဟု ဆိုသည်။

ဝက်လှစစ်ဘေးရှောင်စခန်းမှာ ချောင်းတစ်ဖက်ကမ်းတွင်ရှိနေသည့်အတွက် ယခင်ကတည်းက ပြင်ပအလှူရှင်များလာရောက်လှူဒါန်းပေးခြင်းမရှိသေးကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ နီးစပ်ရာကျေးရွာများမှချေးငှားပြီး စားဝတ်နေရေးကို လတ်တလောဖြေရှင်းနေရကြောင်း ယင်းစစ်ရှောင်စခန်းတွင်ခိုလှုံနေသည့် ဒေါ်စောဝင်းနုကပြောသည်။

“ကျမတို့ကို အစိုးရတွေက ထောက်ပံ့ပေးမယ့်အချိန်ကိုစောင့်ပြီးတော့ ချေးငှားစားနေရတာ။ အကြွေးတွေပဲများလာတယ်။ သူတို့လည်းကျမတို့ကိုမချေးချင်ကြတော့ဘူး။ ကျမတို့မှာ ဝင်ငွေလည်းမရှိဘူး။ အလုပ်လည်းမရှိဘူး။ တခြားစခန်းတွေလို ပြင်ပအလှူရှင်တွေလည်းမရှိတဲ့အတွက် ပိုပြီးတော့ အခက်အခဲဖြစ်တယ်“ဟု ၎င်းကဆိုသည်။

ယင်းစစ်ရှောင်စခန်းတွင် မြောက်ဦးမြို့နယ်မှ လက္ကာ၊ ဘုရားကြီး၊ အောက်သားကန်၊ ကျောက်တော်မြို့နယ်မှ အုပ်ကြွပ်၊ အခဇာ၊ နဂူမေ၊ ပလက်ဝမြို့နယ်မှ စညှင်းဝ စသည့်ကျေးရွာများမှ ခိုလှုံလျက်ရှိကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် တစ်သိန်းကျော်မှာ လက်ရှိကိုဗစ်ကာလအတွင်း ကိုဗစ်ကာကွယ်ရေး ပစ္စည်းများအပြင် စားနပ်ရိက္ခာအခက်အခဲများလည်း ကြုံတွေ့နေကြရသည်။

https://www.facebook.com/dmgnewsagency/posts/2081897131962687

Leave a Reply

Your email address will not be published.