မြောက်ဦးဆရာတော် (၆၂)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မအီမြို့၌ ကျောက်တောင်ကိုထွင်းထုတည်ထားသည့် လျောင်းတော်မူဘုရားအား အနေကဇာတင်ပွဲမကျင်းပမီ မီးသတ်တပ်ဖွဲ့များ ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှုပြုလုပ်

By Narinjara/ 2021 August 30

လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၆ ရက် ( ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်တော်သလင်းလဆန်း ၁ရက်) နေ့တွင် ရဟန်းတော် အပါး ၂၀၀ ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲ ပြုလုပ်မည့် ကျောက်တောင်တစ်ခုအား ထွင်းထုတည်ထားသော ညဏ်တော်အရှည် ပေ(၉၀) ရှိသည့် လျောင်းတော်မူ ဘုရားအား မအီနယ်မြေမီးသတ်စခန်းမှ ယခုလ ၂၉ ရက်နေ့က ဘုရား ရေသပ္ပါယ်ပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

လျှောင်းတော်မူ ဘုရားအား မအီနယ်မြေမီးသတ်စခန်းမှ လ/ထမီးသတ်ဦးစီးမှူး ဦးစောကျော်လင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များဖြင့် ဩဂုတ် ၂၉ ရက် နံနက် ၈ နာရီအချိန်တွင် ဘုရားရေသပ္ပါယ်ရေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Rakhine fire force လူမှုကွန်ယက်စာမျက်နာပေါ်တွင် ရေးသားထားသည်။

တောင်ကုတ်မြို့နယ်၊ မအီမြို့၊ မအီတောရကျောင်းတွင် မြောက်ဦး ဆရာတော်ကြီး တည်ထား ပူဇော်မည့် ကျောက်တောင်ကြီးကို ထွင်းထုတည်ထားသည့် ဉာဏ်တော်ပေ (၉၀) လျောင်းတော်မူ ဘုရားကြီးမှာ ယခုအခါ ပြီးစီးသွားပြီ ဖြစ်ပြီး လာမည့် တော်သလင်းလဆန်း ၁ရက် (၆ -၉-၂၀၂၁) နေ့တွင် ရဟန်းတော်အပါး ၂၀၀ ဖြင့် အနေကဇာ တင်ပွဲပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၎င်းလျောင်းတော်မူဘုရားကြီးအား ဆရာတော်ကြီး၏ သက်တော် (၆၂) နှစ် မွေးနေ့အထိမ်းအမှတ် ကျောက်တောင်ကြီးထွင်းထု၍ တည်ထား ပူဇော်ခြင်းဖြစ်ပြီး အချိန် (၁၁) လယူပြီး တည်ဆောက် ခဲ့ရကြောင်း၊ မန္တလေး စကျင်တောင်က ပန်းပုဆရာကြီး ဦးစံဟိန်းဖြစ်ပြီး လက်ခမှာ ကျပ် သိန်း ၈၅၀ ကုန်ကျ ကြောင်း၊ ဘုရားကြီးတစ်ခုလုံး အပြီးအစီးတွက်ပါက သိန်း ၁၀၀၀ ခန့်ကုန်ကျကြောင်း သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4635521296459911

Leave a Reply

Your email address will not be published.