မြေဆီဈေးနှုန်းမြင့်တက်မှုကြောင့် လိုအပ်ချက်ထက်လျော့သုံးနေရ၍ စပါးအထွက်နှုန်းလျော့ကျမည်ကို လယ်သမား များစိုးရိမ်

By Western News/ 2021 August 26

ယခုနှစ်စိုက်ပျိုးရာသီတွင် မြေဆီဈေးနှုန်းများမှာ ယခင်နှစ်များထက် ၁ ဆ ခန့်ပိုမြင့်တက်နေမှုကြောင့် မြေဆီကို လိုအပ်သလောက် မထည့်နိုင်ဘဲရှိရာ စပါးအထွက်နှုန်းများမှာလည်း လျော့ကျမည်ကိုလယ်ယာလုပ် ကိုင်ကြသည့် လယ်သမားများစိုးရိမ်နေကြသည်။

ပျိုးပင်များကြီးထွားလာချိန်တွင် ထည့်ပေးရသည့် မြေဆီဈေးမှာ ယခုနှစ်တွင် ၆၃၀၀၀ ကျပ်အထိရှိနေပြီး ယခင် မြေဆီ ၄ အိပ် ထည့်သည့်လယ်ကွက်တစ်ခုတွင် ယခု ၁ အိပ်လောက်သာသုံးနိုင်တော့ကြောင်း စပါးအထွက်နှုန်း လျော့ကျမည်ကိုလည်း စိုးရိမ်နေမိသည်ဟု ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ကိုကျော်ဆန်းဝင်း ကပြောသည်။

“ကျနော်တို့က လယ် ၈ ဧကလောက် လုပ်စားတာပါ။ ဒီနှစ်ကတော့ မြေဆီဈေးတွေက တအားတက်နေတာပဲ။ အရင်တုန်းက ရှိလှမှ ၃၅၀၀၀ လောက်ပါပဲ။ ခုက ၅၈၀၀၀၊ ၆၃၀၀၀ အဲ့လောက်ရှိတယ်။ ခုလို မြင့်နေတော့ အရင်တုန်းက သုံးလေးအိပ်လောက်ကြဲဖြစ်တဲ့နေရာတွေကို ခု တစ်အိပ်လောက်ပဲထည့်နိုင်တော့တယ်။ မြေဆီနိုင် မှာကိုမပြောနဲ့တော့ လိုအပ်သလောက်လေးတောင်မထည့်နိုင်တော့ စပါးထွက်နှုန်းတွေလျော့ကျလာမှာတော့ လယ်သမားတစ်ယောက်အနေနဲ့ စိုးရိမ်မိတာပါပဲ” ဟုပြောသည်။

မြောက်ဦးမြို့မှ လယ်သမားဦးအေးကျော် ကလည်း မြေဆီဈေးမြင့်တက်မှုသာမက တစ်ခြားစိုက်ပျိုးစရိတ်များ လည်းဈေးပိုမြင့်ကြောင်း စပါးအထွက်နှုန်းသာလျော့ကျမည်ဆိုလျှင် ကြွေးမြီကြားထဲမှ ရုန်းထွက်နိုင်ရန်မသေချာတော့ကြောင်း ပြောသည်။

“ကုန်ပစ္စည်းမှန်သမျှ ဈေးကြီးနေတဲ့ထဲမှာ မြေဆီဈေးတွေတက်တာကတော့ သိပ်မဆန်းပါဘူး။ ဒါပေမယ် ပုံမှန်တက်ရမယ့်နှုန်းထက် အဆမတန်ပိုမြင့်နေတယ်လို့မြင်တယ်။ ဒီနှစ်စပါးစိုက်ရတဲ့ထဲမှာ မြေဆီဈေးတစ်ခုတည်း ပဲဈေးမြင့်နေတာမျိုးမဟုတ်ဘူး။ တခြားစရိတ်တွေလည်းအကုန်မြင့်တယ်။ ပျိုးစိုက်ဖို့ လူတစ်ယောက်ငှားရင် တစ်ရက်ကို အနည်းဆုံး ၁၀၀၀၀ ပေးပြီးငှားရတယ်။ ဒီပုံစံထဲမှာ စပါးပေါ်ချိန် အထွက်နှုန်းထပ်ကျမယ်ဆိုရင် အကြွေးတွေထဲက ရုန်းနိုင်မှာမဟုတ်တော့ဘူး” ဟုဆိုသည်။

လယ်ယာများတွင် မြေဆီကောင်းစွာမထည့်နိုင်ကြသည့်အပိုင်းနှင့်ပတ်သက်၍ စစ်တမ်းကောက်ယူရန်ရှိကြောင်း လယ်ယာများတွင် မြေဆီမထည့်နိုင်လျှင် စပါးထွက်နှုန်းများလျော့ကျမည်မှာ သေချာသလောက်ပင်ဖြစ်ကြောင်း ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံ ကပြောသည်။

“လယ်သမားတွေအနေနဲ့ လယ်ယာတွေမှာ ဒီနှစ်မြေဩဇာတွေထည့်နိုင်မှုမရှိတာနဲ့ပတ်သက်လို့ ကျနော်တို့စစ်တမ်း ကောက်ဖို့ရှိတယ်။ အသေးစိတ်တော့မဟုတ်ဘူးပေါ့။ ယေဘုယျလောက်တော့ရှိမှာပေါ့။ ခုမြေဆီမကြဲနိုင်တာကတော့ ဈေးကြီးတာကြောင့်ပေါ့နော်။ လယ်သမားတွေက ပုံမှန်လောက်တောင်မကြဲနိုင်ဘူးဆိုတော့ သေချာသ လောက် စပါးအထွက်နှုန်းတွေကတော့ ကျမှာပါပဲ” ဟုပြောသည်။

ယခင်နှစ်များ၌ ပျိုးစပါးတွင်အသုံးပြုသည့် မြေဆီဩဇာတစ်အိပ်ကို ၂၈၀၀၀ ကျပ်နှင့် ၃၅၀၀၀ ကျပ်လောက်သာ အသီးသီးရှိပြီး ယခုနှစ်တွင် ယင်းဈေးနှုန်းများထက် ၁ ဆကျော်လောက်ခန့်ပိုမြင့်တက်နေမှုကြောင့် မြေဆီသုံးစွဲ ရသည့် စပါးစိုက်တောင်သူများမှာ လိုအပ်သလောက်အသုံးမပြုနိုင်တော့၍ အခက်ကြုံနေကြရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/358030186003492

Leave a Reply

Your email address will not be published.