By Narinjara/ 2021 August 16
သျှင်မင်းဇံ
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေကို မြို့အင်္ဂါရပ်နှင့်အညီဖြစ်လာစေရန် ရည်ရွယ်၍ လက်ရှိပြည်နယ်အစိုးရက လေယာဉ်ကွင်း အဝင်လမ်းဘေးတွင် WELCOME TO SITTWE အင်္ဂလိပ်စာဖြင့် စာတန်းရှည် ဆိုင်းဘုတ်တခုကို ပြုလုပ်စိုက်ထူနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် သံယဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ” Welcome To Sittwe မျိုး အခြား မြို့တွေမှာလည်း ကြိုဆိုတဲ့ ဆိုင်းဘုတ်တွေရှိတယ်။ အခုလို လုပ်တာကြတော့ မြို့ အင်္ဂါရပ်နဲ့ ညီညွတ်အောင်လို့ လုပ်တာ။ လုပ်တာတော့ ကြာပြီး ၂ ပတ်ကျော်လောက်တော့ ရှိပြီ” ဟု ပြောသည်။
အဆိုပါဆိုင်းဘုတ်အား စစ်တွေမြို့ လေယာဉ်ကွင်းအဝင်လမ်း အလိုတော်ပြည့်ကျောင်းအနီး လမ်းဘေးတွင် ပြုလုပ်နေခြင်းဖြစ်ပြီး စစ်တွေမြို့ကို လေယာဉ်ဖြင့် လာရောက်ကြသူများကို ခရီးဦးကြိုပြုရန် ရည်ရွယ်သည်ဟုဆိုသည်။
၎င်းဆိုင်းဘုတ်ပေါ်ရှိ စာလုံးများကို သံဖြင့် ပုံဖော်ထားပြီး အောက်ခြေတွင် ကွန်ကရစ်ဖြင့် မြို့နယ်စည်ပင် သာယာရေးဌာန တည်ဆောက်နေခြင်းဖြစ်ကြောင်း အမှုဆောင်အရာ ဒေါ်ခင်ခင်စိုးက ပြောသည်။
အလားတူ စစ်တွေပွိုင့်အပန်းဖြေစခန်းတွင်လည်း “ငါရို့ချစ်တေ မြို့စစ်တွေ” ဟု ရခိုင်ဘာသာဖြင့် ရေးထားသည့် စာတန်းရှည်ဆိုင်းဘုတ်တစ်ခုလည်း ပြုလုပ်ထားပြီး ဖြစ်သည်။
စစ်တွေမြို့အဝင် မင်းဂံ လမ်းမကြီးပေါ်တွင် ရှိနေသော “စစ်တွေမှ ကြိုဆိုပါ၏ ” မုခ်ဦးမှာ အက်ကွဲရာများ ပေါ်နေပြီးဖြစ်သဖြင့် ပြန်လည်ပြုပြင်ဖို့ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
https://www.facebook.com/narinjara.info/posts/4592664884078886