မောင်တော ခွဆုံကျေးရွာရှိ တံတားကျိုးပျက်၊ ကျေးရွာသားများ သွားလာရေး အခက်အခဲဖြစ်

By Western News/ 2021 August 3

မိုးအဆက်မပြတ်ရွာသွန်း၍ ရေကြီးမှုကြောင့် မောင်တောမြို့နယ်၊ ခွဆုံ(မြို) ကျေးရွာရှိ သစ်သားတံတားမှာ တံတားအလယ်ကနေ နှစ်ပိုင်းပြတ်သွား၍ ကျေးရွာသားများမှာ ကျန်းမာရေး၊ စားသောက်ရေးတို့တွင် အခက်အခဲဖြစ်နေကြသည်ဟု ရွာသားများကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ရာမှ ယခုလို တံတားမှာ ပျက်စီးသွားရခြင်းဖြစ်ပြီးတံတားပျက်စီးနေသည်မှာ ၇ ရက်ခန့်ရှိနေပြီဖြစ်သော်လည်း ပြန်လည် မပြုပြင်နိုင်သေးကြောင်း ကျေးရွာသားများကပြောသည်။

အဆိုပါတံတားမှာ ပေ ၂၄၀ ရှည်ပြီး ခွဆုံကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာသို့ ဆက်သွယ်ထားခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းတံတားမှာ ပေ ၁၅၀ ခန့်ပြတ်သွားသည်ဟု ခွဆုံကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးကျော်လှစိန် က Western News ကိုပြောသည်။

“ ၂၇ ရက်နေ့က ရေကြီးလို့တံတားပြတ်သွားတာ။ နှစ်ပိုင်းပိုင်းသွားတာပါ။ အခုထက်ထိပြန်မပြင်ရသေးဘူး။ တံတားပျက်နေလို့ ရွာက လူတွေရဲ့ ကျန်းမာရေးတွေ၊ စားရေးသောက်ရေးတွေမှာ အရမ်းကိုအခက် အခဲဖြစ် နေတယ်။ ရွာမှာအရေးပေါ် ကျန်းမာရေးတွေနဲ့ကြုံလာရင်တော့ လုံးဝစိုးရိမ်ရမယ့်အခြေအနေဖြစ်နေတယ်။ အခုရွာကလူတွေ ထမင်းငတ်တဲ့ သူတွေလည်းရှိတယ် တံတားပျက်နေလို့” ဟု ပြောသည်။

ယင်းတံတားမပျက်စီးခင်တုန်းကဆိုလျှင် ခွဆုံကျေးရွာသားများမှာ တစ်ဖက်ကမ်းရှိ မင်္ဂလာညွန့်ကျေးရွာနှင့် တမန်းသားကျေးရွာတို့တွင် နေ့စားအလုပ်လုပ်နေကြ၍ အဆင်ပြေကြသော်လည်း လက်ရှိတွင် တံတားပျက်စီးသွား၍ ဒေသခံများအခက်ခဲ့ဖြစ်နေကြသည်။

ယင်းအပြင်ရေကြီးမှုဖြစ်ပွားခဲ့သဖြင့်အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၄ အိမ်ရှိသည့်အထဲမှ ၅ အိမ်မှာ ပျက်စီးသွားသဖြင့် မိသားစုများမှာ ဖြစ်သလိုနေထိုင်နေကြရပြီး ကူညီကယ်ဆယ်ရေးပေးခြင်းမျိုးလည်း မရှိကြောင်း ကျေးရွာသားများ ကပြောသည်။

https://www.facebook.com/westernnewsagency/posts/342697367536774

Leave a Reply

Your email address will not be published.